ဇွန် ၃၊ ၂၀၁၅
M-Media
– လူကုန်ကူးမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံခဲ့ရပြီး ၀ရမ်းထုတ်ခြင်း ခံထားရသည့် ထိုင်းစစ်တပ်အကြီးအကဲမှာ တရားရင်ဆိုင်ရန်အတွက် ယနေ့တွင် အဖမ်းခံခဲ့ပြီး ထိုင်း၊ မြန်မာနှင့် မလေးရှားနိုင်ငံမှ နိုင်ငံသားများပါဝင်သော အဆိုပါ လူကုန်ကူးမှုပြဿနာအတွက် စုံစမ်းစစ်ဆေးမှုများ စတင်ကတည်းက ပထမဆုံး ဖမ်းဆီးမိခဲ့သည့် စစ်တပ်အရာရှိတစ်ဦး ဖြစ်လာခဲ့သည်။
ထိုင်း-မလေးရှား နယ်စပ်အနီးရှိ စွန့်ပစ်လူကုန်ကူးစခန်းတစ်ခုတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများဟု ယူဆရသော အလောင်း ၃၆ လောင်းကို တွေ့ရှိခဲ့ရပြီးနောက် ထိုင်းရဲတပ်ဖွဲ့မှာ ဒေသတွင်း နိုင်ငံရေးသမားများ၊ တာဝန်ရှိသူ အမြောက်အများအပါအ၀င် လူပေါင်း ၅၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ထို့ပြင် လူကုန်ကူးကွန်ယက်တွင် ပါဝင်သည်ဟု သံသယရှိသူ အခြား ၃၀ ကျော်ကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေမှုများ ပြုလုပ်နေသည်။
လာရောက်အဖမ်းခံသူမှာ ထိုင်းတော်ဝင်စစ်တပ်မှ အကြီးတန်းအကြံပေး ဒုတိယဗိုလ်ချုပ်ကြီး မာနက်စ် ကွန်ပါအန်ဖြစ်ပြီး ၎င်းမှာ တစ်ချိန်က ကမ်းရိုးတန်းဒေသတွင် လူကုန်ကူးမှု ပြဿနာကို ကြီးကြပ်သူဖြစ်ကာ ယခုလက်ရှိတွင် လူကုန်ကူးမှု စွဲချက်များ၊ နိုင်ငံခြားသားများ နိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်ရန် ကူညီမှု၊ လူများအား တရားမ၀င်ထိန်းသိမ်းမှုနှင့် ပြန်ပေးငွေတောင်းမှု စသည့် စွဲချက်များဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။
၎င်းအား ဖမ်ဆီးရန် ၀ရမ်းကို ယခုသီတင်းပတ်အစောပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်းက စွဲချက်များကို ကြားနာရန် ရဲတပ်ဖွဲ့ဌာနချုပ်ကို ရောက်ရှိလာခဲ့ကာ နောက်ပိုင်းတွင် မေးခွန်းများ မေးမြန်းရန်အတွက် တောင်ပိုင်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။
“သူက ဒီပြဿနာမှာ မပါဝင်ဘူးလို့ဆိုပြီး စွဲချက်တွေကိုလည်း ငြင်းခဲ့ပါတယ်” ဟု ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆွမ်ယွန် ပွန်ပန်မောင်က သတင်းထောက်များအား ပြောကြားခဲ့သည်။ ထိုင်းစစ်တပ်ကလည်း လူကုန်ကူမှုလုပ်ရပ်များတွင် ပါဝင်ခြင်းမရှိဟု ငြင်းဆိုထားသည်။
Ref: AP
Comments