ဇွန် ၇၊ ၂၀၁၅
M-Media
– မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများကြောင့် ဥရောပတစ်ဝှမ်းတွင် အစ္စလာမ်ကြောက်ရောဂါအခြေပြု တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သော်လည်း ပြင်သစ်နှင့် ယူကေတို့ရှိ ပြည်သူများအကြားတွင် မွတ်စလင်များအပေါ် အပြုသဘောဆောင်သည့် အမြင်များ မြင့်တက်လာခဲ့သည်ဟု စစ်တမ်းကောက်ယူမှုအရ သိရသည်။
အဆိုပါစစ်တမ်းကောက်ယူမှုကို ကမ္ဘာတစ်ဝှမ်း ဘာသာအယူဝါဒများနှင့် ပတ်သက်၍ သုတေသနများ ပြုလုပ်နေသော Pew Research Center က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မွတ်စလင်များအပေါ် အပြုသဘောဆောင်သည့် အမြင်များမှာ ပြီးခဲ့သည့်နှစ်မှ စတင်ကာ တစ်ဖြည်းဖြည်း
မြင့်တက်လာခဲ့သည်ဟု ဆိုသည်။
“ပြင်သစ်နိုင်ငံရဲ့ ပြည်သူ့သဘောထားအရ မွတ်စလင်တွေအပေါ် မလိုလားတဲ့ တုံ့ပြန်မှု မရှိတော့ပါဘူး” ဟု စစ်တမ်းကောက်ယူမှုကို ဦးဆောင်ခဲ့သူ ရစ်ချက် ၀ီကီက France 24 သတင်းစာသို့ ပြောကြားခဲ့သည်။
ယခုနှစ်ဆန်းပိုင်းတွင် ချာလီဟဘ်ဒို မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံခဲ့ရသော်လည်း မွတ်စလင်များအပေါ် အပြုသဘောဆောင်သည့် အမြင်များမှာ ၂၀၁၄ ခုနှစ်ကထက် ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ပြင်သစ်ပြည်သူ ၇၆ ရာခိုင်နှုန်းက ၎င်းတို့မှာ မွတ်စလင်များအပေါ် ကောင်းမွန်သည့်အမြင်များ ရှိနေသည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ပြင်သစ်ပြည်သူများအကြား မွတ်စလင်များအပေါ် အလေးထားသော အမြင်များမှာ ယမန်နှစ်က ၁၄ ရာခိုင်နှုန်းမှ ယခုနှစ် ပြီးခဲ့သည့် ၅ လတွင် ၂၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
စစ်တမ်းကောက်ယူမှုတွင် တယ်လီဖုန်းမှတစ်ဆင့် အရွယ်ရောက်ပြီးသူ ၁၀၀၁ ဦးကို အင်တာဗျူးခဲ့ပြီး မွတ်စလင်များအပေါ် အပြုသဘောဆောင်သည့် အမြင်များမှာ လက်ယာနိုင်ငံရေးသမားများထက် လက်ဝဲရေးနိုင်ငံရေးသမားများတွင် ပိုမိုမြင့်မားသည်ကိုလည်း Pew Research Center က တွေ့ရှိခဲ့ရသည်။
မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရပြီး ထိုတိုက်ခိုက်မှုမှာ အစ္စလာမ်သာသနာနှင့် မည်သို့မှ မသက်ဆိုင်ဟု အစိုးရအပါအ၀င် အသင်းအဖွဲ့အသီးသီးမှ ကြေညာချက်များ ထုတ်ပြန်ခဲ့ခြင်းအပြင် တစ်နိုင်ငံလုံး ညီညွတ်ရေး ကျယ်ကျယ်ပြန့်ပြန့် ဆော်သြတိုက်တွန်းမှုက ပြင်သစ်နိုင်ငံအတွင်း မွတ်စလင်များ၏ ပုံရိပ်တိုးတက်မှုကို အထောက်အကူဖြစ်စေခဲ့သည်ဟု စစ်တမ်းကောက်ယူသူများက
ယုံကြည်နေကြသည်။
အဓိကမီဒီယာများကလည်း မွတ်စလင်များအပေါ် သမရိုးကျအမြင်များနှင့် ဘက်လိုက်ဖော်ပြမှုများကို ဝေဖန်ခဲ့ကာ မွတ်စလင်နှင့်ပတ်သက်၍ အပြုသဘောဆောင်သည့်အမြင်များ ဖြစ်လာစေရန် ပုံဖော်ပေးခဲ့သည်ဟုလည်း အဆိုပါစစ်တမ်းတွင် ဖြော်ပထားသည်။
ပြင်သစ်နိုင်ငံတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများ ၇ သန်းခန့်ရှိပြီး ဥရောပတွင် အစ္စလာမ်ဘာသာဝင်အများစုရှိရာ နိုင်ငံလည်းဖြစ်သည်။
ဗြိတိန်တွင်လည်း အမြင်များပြောင်းလဲ
ပြင်သစ်အပြင် ဗြိတိန်ပြည်သူများကြားတွင်လည်း မွတ်စလင်များအပေါ် အပြုသဘောဆောင်သည့်အမြင်များ မြင့်တက်လာသည်ဟု အဆိုပါ စစ်တမ်းကောက်ယူမှုက ဆိုသည်။
ဗြိတိန်ပြည်သူများအကြားတွင် မွတ်စလင်များအပေါ် အပြုသဘောဆောင်သည့် အမြင်များမှာ ၂၀၁၄ ခုနှစ်တွင် ၆၄ ရာခိုင်နှုန်း ရှိပြီး ၂၀၁၅ ခုနှစ်တွင် ၇၂ ရာခိုင်နှုန်း ရှိလာခဲ့သည်။ ဂျူးများအပေါ် အလေးထားမှုမှာလည်း ယူကေတွင် ၃ ရာခိုင်နှုန်း တက်လာခဲ့သည်။
ဥရောပတစ်ဝှမ်းတွင် အယူသည်းမှုနှင့် နိုင်ငံခြားကြောက်အမြင်များမှာ ပြီးခဲ့သည့်နှစ်တွင် အမှန်တကယ် လျော့ကျလာခဲ့သည်ကိုလည်း စစ်တမ်းကောက်ယူမှုတွင် တွေ့ခဲ့ရသည်။
အီတလီနှင့် ပိုလန်နိုင်ငံများတွင်မှု မွတ်စလင်များနှင့် ဂျူများအပေါ် အနှုတ်လက္ခဏာဆောင်သည့်အမြင်များမှာ အမြင့်ဆုံးရှိနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။
ချာလီဟဘ်ဒို မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုမှာ အစ္စလာမ်၏ သွန်သင်ချက်နှင့် ဆန့်ကျင်သော လုပ်ရပ်ဖြစ်သည်ဟု ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်အသင်းအဖွဲ့များ၊ နိုင်ငံများက ကန့်ကွက်ရှုတ်ချခဲ့ကြသည်။
Ref: Onislam
Comments