ဇွန် ၁၀၊ ၂၀၁၅
M-Media
– ဒေသခံတိုင်းရင်းသားများ အထွဋ့်အမြတ်ထားရာ ကင်နာဘာလူတောင်တွင် မဖွယ်မရာ ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး မလေးမစားပြုလုပ်ခဲ့သည့် အနောက်တိုင်းသား ၄ ဦးကို မလေးရှားက ဖမ်းဆီးလိုက်ပြီး ထိုထဲမှ တစ်ဦးမှာ ဗြိတိန်အမျိုးသမီးဖြစ်သည်ဟု သိရသည်။
၎င်းတို့ လေးဦးအား လေးရက်ကြာ ထိန်းသိမ်းရန် ရဲတပ်ဖွဲ့က တရားရုံးမှ အမိန့်စာရခဲ့ပြီး အများပြည်သူ စိတ်အနှောက်အယှက် ဖြစ်စေသည့် မလျော်ကန်သော အပြုအမူကို ပြုလုပ်သည့် စွဲချက်ဖြင့် တရားစွဲဆိုသွားမည်ဟု ကင်နာဘာလူတောင်တည်ရှိရာ ဆာဘားပြည်နယ် ရဲမင်းကြီး ဂျလာလွတ်ဒင်း အဘ်ဒူလ်ရဟ်မန်က ပြောကြားခဲ့သည်။
နိုင်ငံခြားသား ၁၀ ဦးခန့်မှာ ကင်နာဘာလူတောင်ပေါ်တွင် အင်္ကျီများချွတ်ကာ ဓာတ်ပုံရိုက်ခဲ့ကြပြီး အင်တာနက်စာမျက်နှာပေါ်သို့ မေလ ၃၀ ရက်နေ့တွင် လွှင့်တင်ခဲ့ကြသည်။ ၎င်းတို့ ဓာတ်ပုံရိုက်ပြီး ရက်အနည်းငယ်ကြာ ပြီးခဲ့သည့် သောကြာနေ့က အဆိုပါတောင်၌ ငလျင်လှုပ်ခဲ့ပြီး လူ တစ်ဒါဇင်ကျော် သေဆုံးခဲ့ရသည်။
ဖမ်းဆီးခံခဲ့ရသူများမှာ ကနေဒါနိုင်ငံသား နှစ်ဦး၊ ဗြိတိန်အမျိုးသမီး ၁ ဦးနှင့် ဒက်ခ်ျ အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်။ ဗြိတိန်အမျိုးသမီးတစ်ဦးမှာ ကွာလာလမ်ပူသို့လာရောက်ရန် ပြင်ဆင်နေစဉ် လေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကျန် ၃ ဦးမှာ ရဲတပ်ဖွဲ့သို့ လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်သည်။ အဘ်ဒူလ်ရဟ်မန်ကမူ ကျန်ရှိသည့် ၆ ဦးကိုလည်း ဆက်လက် ရှာဖွေနေသည်ဟု ပြောကြားခဲ့သည်။
မလေးရှား၏ အမြင့်ဆုံးတောင်ဖြစ်သော ကင်နာဘာလူတောင်ကို ဒေသခံ ကာဒါဇန် ဒူဆန် လူမျိုးစုများက ၎င်းတို့အဘိုးအဘွားများ၏ ၀ိဥာဉ်များ ကိန်းဝပ်ရာ မြင့်မြတ်သောနေရာအဖြစ် သတ်မှတ်ထားကြသည်။ အဆိုပါ နိုင်ငံခြားခရီးသွားများမှာ တောင်ပေါ်တွင် ဆီးများ သွားခဲ့ကြသည်ဟု ဆိုသည်။ ထိုကဲ့သို့ အပြုအမူများက ဒေသခံများကို စိတ်ဆိုးဒေါသထွက်စေခဲ့ပြီး အချို့ကမူ ထို မလေးစားသည့် အပြုအမူများကြောင့် ငလျင်လှုပ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်နေကြသည်။
တောင်တက်ခရီးသွားများ ကြိုက်နှစ်သက်ရာ နေရာတစ်ခုဖြစ်သည့် ကင်နာဘာလူတောင်ပေါ်သို့ တက်ရောက်ရာတွင် အော်ခြင်း၊ ဟစ်ခြင်း၊ ဆဲရေးတိုင်းထွာခြင်းနှင့် မလေးစားသည့်အပြုအမူများကို မပြုလုပ်ရန် ဧည့်လမ်းညွှန်များက ခရီးသွားများကို သတိပေးလေ့ရှိသည်။
Ref: BBC
Comments