ဇွန် ၁၂၊ ၂၀၁၅
M-Media
– ကိုင်ရိုမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုအတွင်း ပါဝင်ခဲ့သော အမျိုးသမီး တက်ကြွလှုပ်ရှားသူကို သတ်ဖြတ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား အီဂျစ်တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာ အလ်-အဟ်ရမ်က ဖော်ပြခဲ့သည်။
သေဆုံးသွားသူမှာ အသက် ၃၂ နှစ်အရွယ် ကလေးတစ်ယောက်မိခင် ရှာအီမာ အလ်-ဆဘ်ဘာ့ဂ် ဆိုသူဖြစ်ပြီး ယခင်သမ္မတဟောင်း ဟိုစနီမူဘာရက် ၂၀၁၁ ခုနှစ်က ဖြုတ်ချခံရမှု ၄ နှစ်ပြည့်အဖြစ် ယခုနှစ် ဇန်န၀ါရီ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် ချီတက်ဆန္ဒပြမှုတွင် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။
ထိုပစ်ခတ်မှုနှင့်ပတ်၍ အသက် ၂၄ နှစ်အရွယ် ရဲတပ်ဗိုလ် ယာစင်း ဟေတမ်ကို မတ်လက လူသတ်မှုအောက် တစ်ဆင့်နိမ့်သည့် စွဲချက်ဖြင့် တရားစွဲဆိုခဲ့သည်။ ထို့နောက် တရားရုံးက အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း တရားကြီး မွတ်စ်တာဖာ ဟာဆန် အဘ်ဒူလာက ပြန်လည်ဖမ်းဆီးကာ အမှုအား ကြားနာစစ်ဆေးရန် အမိန့်ပေးခဲ့ပြီး ယမန်နေ့က အမိန့်ချမှတ်ခဲ့သည်။
ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့ခဲ့သည့် ဗီဒီယိုမှတ်တမ်းများအရ မျက်နှာဖုံးဝတ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆဘ်ဘာ့ဂ်ရှိရာ နေရာဘက်သို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆဘ်ဘာ့မှာ အနားရှိ အဖော်၏ ကိုယ်တွင်းသို့ ခေါင်းငိုက်စိုက်ကျသွားကာ ရင်ဘတ်နှင့် ကျောကုန်းတို့တွင် သွေးများဖြင့် စိုရွှဲသွားသည်ကို တွေ့ခဲ့ရသည်
ရဲတပ်ဖွဲ့ကမူ ၎င်းတို့အနေဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိဟု တွင်တွင်ငြင်းဆိုခဲ့သော်လည်း အထောက်အထားများက ထိုပြောကြားမှုနှင့် ဆန့်ကျင်နေသည်။ ထို့ပြင် ရဲတပ်ဖွဲ့က လူနာတင်ယာဉ်ကို တားဆီးခြင်းဖြင့် ဆဘ်ဘာ့ဂ်အား အသက်အန္တရာယ်မှ ကယ်တင်ရန်ကြိုးစားမှုကို ဟန့်တားခဲ့သည်ဟု လူ့အခွင့်အရေး ရှေ့နေများနှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
Ref: Aljazeera
Comments