ဇွန် ၁၈၊ ၂၀၁၅
M-Media
– မြောက်ကိုရီးယားနိုင်ငံတွင် ရာစုနှစ်အတွင်း အဆိုးဝါးဆုံး မိုးခေါင်မှုနှင့် ကြုံတွေ့နေရပြီး အဓိက စိုက်ပျိုးရာသီအတွင်း လယ်ယာစိုက်ပျိုးရေးတွင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများနှင့်လည်း ရင်ဆိုင်နေရသည်ဟု သိရသည်။
ထိုကဲ့သို့ မိုးခေါင်မှုကြောင့် နိုင်ငံအတွင်းရှိ စပါးခင်းများမှ ၃၀ ရာခိုင်နှုန်းကို ခြောက်သွေ့စေခဲ့သည်ဟု Korean Central သတင်းအေဂျင်စီက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
“မကြာသေးမီ ကာလအတွင်းက ကျွန်တော်တို့တိုင်းပြည်မှာ ရုတ်တရက် အပူချိန် အလွန်အမင်းမြင့်လာမှုနဲ့အတူ မိုးလည်း ဆိုးဆိုးဝါးဝါးကို ခေါင်နေပါတယ်။ အခုဆိုရင် ဒီမိုးခေါင်မှုက ရေပြတ်လတ်မှုကို ဖြစ်ပေါ်စေပြီး လယ်ယာစိုက်ပျိုးရေးကိုလည်း တော်တော်လေး ထိခိုက်ပါတယ်။ မိုးခေါင်မှု အချိန်အနည်းငယ်ကြာ ထပ်ရှိမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်” ဟု မြောက်ကိုရီးယား မိုးလေ၀သဌာနမှ အကြီးတန်းတာဝန်ရှိသူ ရီယန်းက ပြောကြားခဲ့သည်။
တောင်ကိုရီးယားတွင်လည်း ထိုကဲ့သို့ မိုးခေါင်မှုများနှင့် ရင်ဆိုင်နေရပြီး တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနကမူ မြောက်ကိုရီးယားမှာ မေလအတွင်း ပုံမှန်ထက် ပိုဆိုးခဲ့သည်ဟု ပြောကြားခဲ့ကာ ဆက်လက်မိုးခေါင်နေပါက အစားအသောက်ထုတ်လုပ်မှု သိသိသာသာ လျော့ကျနိုင်သည်ဟု ပြောကြားခဲ့သည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ပြောရေးဆိုခွင့်ရှိသူ ဂျိန်း ဟောင်းဝပ်က မြောက်ကိုရီးယားမှာ မိုးရွာမှုနှင့် ဆီးနှင်းကျဆင်းမှု နည်းသောကြောင့် ပြီးခဲ့သည့်နှစ်မှစ၍ ရေပြတ်လတ်မှုကို ခံစားခဲ့ရသည်ဟု ပြောကြားခဲ့သည်။
ကုလသမဂ္ဂလည်း မြောက်ကိုရီးယား၏ မိုးခေါင်မှုကြောင့် စားနပ်ရိက္ခာရှားပါးကာ အငတ်ဘေးနှင့် ကြုံတွေ့ရနိုင်သည်ဟု စောစောပိုင်းက သတိပေးထားသည်။ မြို့တော်ပြုံးယမ်ရှိ Taedong မြစ်ရေမှာ ဗုဒ္ဓဟူးနေ့ တိုင်းတာမှုများအရ အလွန်အမင်း လျော့နည်းနေသည်ကို တွေ့ခဲ့ရသည်။
Ref: Aljazeera
Comments