ဇွန် ၂၀ ၊ ၂၀၁၅
M-Media
မာန်ထက်သျှံ ရေးသည်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် များက သက်ဆိုင်ရာမှ ၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာ ကိုထုတ်ပြန်လိုက်ပါတယ်။ အစီရင်ခံစာကို လေ့လာမိသောအခါ မြန်မာနိုင်ငံရဲ့ လူဦးရေနှင့် ပြည်သူလူထုရဲ့ လူမှုစီးပွားဘ၀ အခြေအနေကို ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။
လေ့လာမိသမျှ သန်းခေါင်စာရင်း ကောက်ယူမှုအမျိုးမျိုးရှိပါတယ်။ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ လယ်ယာမြေ သန်ခေါင်းစာရင်း၊ သစ်တော သန်းခေါင်စာရင်း နဲ့ စက်မှုလက်မှု အကြောင်းအရာ သန်းခေါင်စာရင်းတွေပါပဲ။ ၂၀၁၄ခုနှစ်အတွင်း မြန်မာပြည်မှာ ကောက်ယူခဲ့တာကတော့ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပါ။
ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းကို လုပ်ငန်းကဏ္ဍ လေးဆင့်နဲ့ ဆောင်ရွက်ရာ ၂၀၁၁ခုနှစ်မှစပြီး ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ Data Processing လုပ်ခြင်းနဲ့ ယခု ပင်မ အစီရင်ခံစာ ထုတ်ပြန်ခြင်းပဲဖြစ်ပါတယ်။ ထုတ်ပြန်လုက်တဲ့ အစီရင်ခံစာပါ အချက်အလက်များသည် ၂၀၁၄ခုနှစ် မတ်လ၂၉ရက်နေ့ ညဥ့်သန်းခေါင်ယံ (ည၁၂နာရီတိတိ) အချိန် သန်းခေါင်စာရင်း ရည်ညွှန်းချိန်ပေါ် မူတည်၍ ကောက်ယူရရှိသော အချက်အလက်များကို ပြုစုထုတ်ပြန်ခြင်းပါ။
၂၀၁၄ခုနှစ် မတ်လ ၃၀ရက်နေ့မှ ဧပြီလ၁၀ရက်နေ့အထိ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကို မနှစ်က သြဂုတ်လလောက်က ရှေ့ပြေးအစီရင်ခံစာ ထုတ်ခဲ့ပါသေးတယ်။ ခေတ်အဆက်ဆက် ကောက်ယူခဲ့သော သန်းခေါင်စာရင်းများအရ ၁၈၈၁ခုနှစ်တွင် လူဦးရေ သုံးသန်း၊ ၁၈၉၁ ခုနှစ်တွင် ကိုးသန်း၊ ၁၉၄၁ ခုနှစ်စာရင်းအရ ၁၆သန်းရှီပြီး ၁၉၇၂ခုနှစ်တွင် လူဦးရေ ၂၈သန်း ရှိနေကြောင်း သိရပါတယ်။ မဆလ အစိုးရ လက်ထက် နောက်ဆုံးကောက်ယူခဲ့သော ၁၉၈၃ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃၅ဒဿမ၃ သန်းရှိနေခဲ့ပါတယ်။
ယခင်က မြန်မာပြည်ရဲ့ လူဦးရေကို ၂၀၁၃ခုနှစ် အောက်တိုဘာ၁ရက်နေ့ အစိုးရ တွက်ချက်စာရင်းအရ ၆၁.၅၇သန်း၊ အာရှဖွံ့ဖြိုးရေးဘဏ်က သန်း ၆၀၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ က ၆၄ သန်း ဟုအသီးသီး ခန့်မှန်းခဲ့ကြပေမဲ့ ယခုဆို မြန်မာနိုင်ငံရဲ့ ပကတိ လူဦးရေစာရင်း တစ်ခုကို သိရှိရပြီ ဖြစ်သည်။ နှစ်၃၀ကျော်ကြာမှ ပြန်လည်ကောက်ယူခဲ့သော သန်းခေါင်စာရင်း အရ မြန်မာနိုင်ငံရဲ့ လက်ရှိလူဦးရေမှာ ၅၁.၄ သန်းကျော်ရှိနေကြောင်း တွေ့ရပါတယ်။
လူဦးရေ စာရင်းတစ်ခုသိရုံနှင့်ပင် နိုင်ငံရဲ့ နှစ်စဉ် ဘတ်ဂျက်လျာထား ဆောင်ရွက်မှုများ၊ နိုင်ငံတော်ရဲ့ သယံဇာတ ရင်းမြစ်များနှင့် စားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ ရေတိုရေရှည် ချမှတ်ဆောင်ရွက် နိုင်ရေးအတွက် များစွာ အထောက်အကူပြုပါတယ်။
အိမ်ထောင်စု ဆယ်သန်းကျော်အနက် အမျိုးသားဦးရေ ၂၄သန်းကျော်နှင့် အမျိုးသမီးဦးရေ ၂၆သန်းကျော် ရှိနေပါတယ်။ ရာခိုင်နှုန်းအားဖြင့် အမျိုးသား ၄၈.၂၂ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၁.၇၈ ရာခိုင်နှုန်း အချိုးဖြစ်ပါတယ်။ ကျေးလက်နဲ့ မြို့ပြနေထိုင်မှုမှာ ၇၀ အချိုး ၃၀ဖြစ်ပါတယ်။ ဒေသ အလိုက် လူဦးရေပြန့်နှံ့မှုတွင် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပြီး ကယားပြည်နယ်မှာတော့ လူဦးရေ သိပ်သည်းဆ အနည်းဆုံးဖြစ်ပါတယ်။
လူတစ်ဦးချင်းစီရဲ့ ပျှမ်းမျှမျှော်မှန်း သက်တမ်းမှာလည်း အမျိုးသားနှင့် အမျိုးသမီး ခန့်မှန်းခြေ ၆နှစ်လောက် ကွာဟနေတာကို ပင်မ အစီရင်ခံစာက မီးမှောင်ထိုးပြနေပါတယ်။ မွေးကင်းစနဲ့ အသက် ၅နှစ်အောက် ကလေးငယ်များ သေဆုံးနှုန်းဟာလည်း တစ်နိုင်ငံလုံးအတိုင်းအတာအရ မြင့်မား ဆဲပင်ဖြစ်ပါတယ်။ ယခင်က နှစ်စဉ်လူဦးရေတိုးနှုန်းဟာ ၀. ၉၇ ရာခိုင်နှုန်း ဟုခန့်မှန်း တွက်ချက်သော်လည်း ယခုဆို နှစ်စဉ် လူဦးရေတိုးနှုန်းဟာ ၀.၈၉ ရာခိုင်နှုန်းဟု ကိန်းဂဏန်း တစ်ခု ထွက်လာပြီလည်း ဖြစ်ပါတယ်။
နိုင်ငံတွင်းရှိ ၆၉.၃ ရာခိုင်နှုန်းသော ပြည်သူများဟာ နိုင်ငံသားစိစစ်ရေးကတ်ကို ကိုင်ဆောင်ထားသော်လည်း ယာယီသကသေခံကတ် ၀ှိုက်ကတ်နှင့် ဘာကတ်မှ မကိုင်ဆောင်ထားသူတွေဟာလည်း ၂၈ ရာခိုင်နှုန်း နီးပါးရှိနေသေးပါတယ်။ အများအားဖြင့် ၀ှိုက်ကတ်နှင့် ဘာကတ်မှ မကိုင်ဆောင်ထားသူတွေဟာ နယ်စပ်ဒေသမှ ပြည်သူတွေဖြစ်လို့ ခိုးဝင်လာသူတွေပါလို့ ယတိပြတ်ပြောလို့ မရပါဘူး။ နိုင်ငံသား တစ်ယောက်ကို နိုင်ငံသား အဖြစ် အသိအမှတ် မပြုခြင်းဟာလည်း နိုင်ငံသား အခွင့်အရေး ဆုံးရှုံးမှု တစ်ရပ်ပါပဲ။ ထိုသူများကို နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်ဖြင့် နိုင်ငံသား အခွင့်အရေး ပေးမှာလား။ ဒါမှမဟုတ် ထိုသူများကို ရှေ့ဆက် ဘယ်လိုဆောင်ရွက်မယ်ဆိုတာ အစိုးရအတွက် မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ ဒါလက်ရှိ အသေးစိတ် ကိုင်တွယ် ဖြေရှင်းရမယ့် ပြဿနာ တစ်ရပ်အဖြစ် သန်းခေါင်စာရင်းက ညွှန်းဆိုနေပါတယ်။
စွမ်းအင်ကဏ္ဍကို ခြုံငုံသုံးသပ်ကြည့်သော် အလင်းရောင်ရရှိမှုအတွက် လျှပ်စစ်မီး အသုံးပြုမှုဟာ တပြည်လုံး အတိုင်းအတာအရ သုံးပုံ တစ်ပုံခန့်သာရှိပြီး အစားအစာ ချက်ပြုတ်စားသောက်ရာမှာလည်း သစ်သား၊ ထင်း၊ မီးသွေး၊ လောင်စာတောင့်များကို အဓိက အားထားရဆဲဖြစ်ပါတယ်။ ဒါဟာ ဘာကိုပြသ သလဲဆိုရင် ပြည်သူတွေ လျှပ်စစ်မီး လုံလုံလောက်လောက် မရတာဟာ မြို့ပြနှင့် ကျေးလက်များ အကြားတွင် သိသာစွာ ကွာခြားနေပါတယ်။ သဘာဝပစ္စည်းများဖြစ်တဲ့ ရုပ်ကြွင်းလောင်စာ သစ်သား၊ ထင်း၊ မီးသွေး စတာတွေ အသုံးပြုမှု မြင့်မားနေတာဟာ သစ်တောများနှင့် သဘာဝ ပတ်ဝန်းကျင်အတွက် အလွန် အန္တရာယ် ရှိနေတယ်ဆိုတာ ညွှန်ပြနေပါတယ်။
ပြည်သူတွေ ရေကောင်းရေသန့် မရရှိမှုမှာ လူထုရဲ့ ပျှမ်းမျှ သုံးပုံ တစ်ပုံနီးပါး ရှိတာကိုတွေ့ရပြီး သန့်ရှင်းသော သောက်ရေ၊ သုံးရေ ရရှိရေးအတွက်လည်း မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို အဖြေရှာရမှာ ဖြစ်ပါတယ်။ တဖက်က ပြည်သူ့ ကျန်းမာရေး အမြင်အရ ကြည့်လျှင် မသန့်ရှင်းသော အိမ်သာ သုံးစွဲမှုဟာ ပြည်သူတစ်ရပ်လုံးရဲ့ ၄ချိုး ၁ချိုး ရှိနေပြီး အဲ့ဒီအနက် ၁၄ရာခိုင်နှုန်းကျော်ကလည်း အိမ်သာမရှိဘဲ သုံးစွဲနေတာကို တွေ့ရပါတယ်။ နေအိမ်များရဲ့ ၇၀ ရာခိုင်နှုန်းဟာ သန့်ရှင်းသော ရေနှင့် မိလ္လာစနစ်များ ပိုင်ဆိုင်ထားသော်လည်း ပြည်နယ် အချို့တွင် ထိုစနစ်များ ချို့ယွင်းနိမ့်ကျနေဆဲပဲဖြစ်ပါတယ်။ သို့ဆိုလျှင် ပြည်သူ့တစ်ရပ်လုံးကို လွှမ်းခြုံသော ပြည်သူ့ကျန်းမာရေးစနစ်များကို ဘယ်လို ဖော်ဆောင်မှာလဲဆိုတာ အဖြေရှာကြည့်ရမှာ ဖြစ်ပါတယ်။
နိုင်ငံတွင်း မှီခိုသူ အချိုးမှာ ထက်ဝက်ကျော်ရှိသဖြင့် အလုပ်လက်မဲ့ လူဦးရေမှာ မည်မျှရှိကြောင်းလည်း ခန့်မှန်းနိုင်ပါတယ်။ အိမ်ရာ ပိုင်ဆိုင်မှုမှာ အိမ်ငှားနေသူနှင့် အခြားသော အိမ်ရာများတွင် နေထိုင်သူများ အတိုင်းအတာ တစ်ရပ်အနေနဲ့ ရှိနေပါသေးတယ်။ လက်ကိုင်ဖုန်း သုံးစွဲမှုမှာ လူဦးရေ ၁၀၀ လျှင် ၃၃ယောက် နီးပါးကိုင်နိုင်ပြီး အဆိုပါ Data ဟာ ၂၀၁၄ခုနှစ် သန်းခေါင် စာရင်း ကောက်ယူသည့် အချိန်တွင်ရှိသော အချက်တစ်ခုဖြစ်ပြီး ယခုအခါ နိုင်ငံတကာ အော်ပရေတာ များနှင့် ပြည်တွင်း အော်ပရေတာများ သုံးစွဲသူ များပြားလျက်ရှိရာ သုံးစွဲမှု ပိုမို မြင့်မားနေပြီဖြစ်ကြောင်း ခန့်မှန်းနိုင်ပါတယ်။ မြို့ရွာ ကျေးလက်အနှံ့တွင် သယ်ယူပို့ဆောင်ရေးအတွက် မော်တော်ဆိုင်ကယ်၊ စက်ဘီးများကိုသာ အဓိက သုံးစွဲနေပြီး မော်တော်ကား သုံးစွဲမှုမှာ ၃ ရာခိုင်နှုန်းရှိရာ မြို့ပေါ်များတွင် သုံးစွဲမှု များပြားနိုင်ပါသည်။
ယခုထုတ်ပြန်လိုက်တဲ့ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာမှာ ပညာရေး၊ အလုပ်၊ အလုပ်အကိုင်၊ လူမျိုး၊ ဘာသာ တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေတော့ မပါဝင်သေးပါဘူး။ နိုင်ငံတွင်း၊ ဒေသအလိုက် လူမျိုးရေးနှင့် ဘာသာဝင်လူဦးရေ သိပါမှ လူမျိုးစု၊ မျိုးနွယ်စုများရဲ့ တာဝန်၊ ပိုင်ခွင့်၊ အခွင့်အရေးများ နှင့် သာသနာရေးဆိုင်ရာ စီမံချက်များကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အလားတူ ပညာရေး ၊ အလုပ်အကိုင် စတဲ့ အချက်တွေ သိပါမှ တပြည်လုံး လွှမ်းခြုံနိုင်တဲ့ အမျိုးသား ပညာရေး စနစ်များနဲ့ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ စီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ထိုအချက်အလက်များကို စနစ်တကျစီမံ ခန့်ခွဲနိုင်ဖို့အတွက် ၂၀၁၆ ခုနှစ်ထဲမှာ အသေးစိတ် အစီရင်ခံစာကို ထုတ်ပြန်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
အချုပ်အားဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုဟာ နိုင်ငံတစ်နိုင်ငံအတွက် အလွန် အရေးကြီးလှ ပါတယ်။ လူဦးရေ ကိန်းဂဏန်း မှန်ကန်စွာ သိပါမှ ပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဘာသာရေး၊ ဆက်သွယ်ရေး၊ စားနပ်ရိက္ခာ၊ ပို့ဆောင်ရေး၊ မြို့ပြအိမ်ရာများနှင့် လူနေမှုစနစ်များ၊ စီမံကိန်းများ ဖော်ထုတ်နိုင်ရေး စတဲ့ ကဏ္ဍအသီးသီးကို စနစ်တကျ လျာထား စီမံခန့်ခွဲနိုင်မှာလည်း ဖြစ်ပါတယ်။ တိုင်းပြည်တွင်းရှိ လူဦးရေနှင့် လုပ်သားအင်အား၊ လူ့စွမ်းအား အရင်းအမြစ်များ၊ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက်လည်း သန်းခေါင်စာရင်း အချက်အလက်များက အထောက်အကူပြုပါတယ်။ အဆိုပါ ကဏ္ဍတွေအတွက် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နေဖို့ လိုပါတယ်။
ဒါကြောင့် ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းနဲ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာဟာ ပြည်သူတစ်ရပ်လုံးနဲ့သက်ဆိုင်ပြီး မိမိတို့ရဲ့ လူနေမှုဘ၀များစွာကို အကျိုးသက်ရောက်နေတယ်ဆိုတာကို နားလည်ထားရပါမယ်။
အထက်ကဖော်ပြခဲ့သော အကြောင်းအရာများသည် သန်းခေါင်စာရင်း ပင်မအစီရင်ခံစာပါ အချက်အလက်များကို အခြေပြု၍ အကျဉ်းချုပ် သုံးသပ်တင်ပြခြင်းသာ ဖြစ်ပါတယ်။ ဆက်လက်၍လည်း ၂၀၁၆ခုနှစ်မှာ ထုတ်ပြန်မယ့် သန်းခေါင်စာရင်း အချက်အလက်များကို ခေါင်းစဉ် အလိုက် ကဏ္ဍအလိုက် အသေးစိတ် လေ့လာဆန်းစစ်ကာ ပြည်သူ့ဘ၀ တိုးတက်ရေးအတွက် ပြည်သူတစ်ရပ်လုံး ၀ိုင်းဝန်းဆောင်ရွက်ရဦးမည်သာ။ ။
မာန်ထက်သျှံ
Comments