ဇွန် ၂၄၊ ၂၀၁၅
M-Media
– ဆီးရီးယားနိုင်ငံ ပါလ်မိုင်ရာမြို့အနီးရှိ အစ္စလာမ့် ရှေးဟောင်းသမိုင်းဝင် ဗိမာန်နှစ်ခုကို ဖျက်ဆီးပစ်လိုက်ပြီဟု IS အဖွဲ့က ပြောကြားလိုက်သည်။
ပါလ်မိုင်ရာမြို့ကို လွန်ခဲ့သည့် တစ်လခန့်က IS မှ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါမြို့မှ ၄ ကီလိုမီတာကွာဝေးသော နေရာရှိ ဗိမာန်နှစ်ခုအား စနေနေ့တွင် ဖောက်ခွဲဖျက်ဆီးပြီး အုတ်ပုံဖြစ်သွားသည့် ဓာတ်ပုံများကို အွန်လိုင်းစာမျက်နှာတွင် လွှင့်တင်ခဲ့သည်။
ထိုကဲ့သို့ဖျက်ဆီးမှုမှာ ပါလ်မိုင်ရာမြို့အား သိမ်းပိုက်ပြီးနောက် ယူနက်စကို၏ သမိုင်းဝင်အမွေအနှစ်အဖြစ် စာရင်းသွင်းခြင်းခံထားရသော ကျော်ကြားသည့် ရှေဟောင်းနေရာများ၌ ပထမဆုံး ဖျက်ဆီးခံရခြင်းလည်း ဖြစ်သည်။
ဓာတ်ပုံများတွင် တမန်တော်မိုဟာမက်၏ ၀မ်းကွဲညီအကို အီမာမ်အလီ၏ ရောင်းရင်းဖြစ်သော မိုဟာမက်ဘင်အလီ၏ တောင်ပေါ်ဗိမာန်ကို ဖောက်ခွဲမှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးလုံးများကို တွေ့ရှိခဲ့ရသည်။
ဒုတိယတစ်ခုမှာ ဆူဖီပညာရှင်တစ်ပါးဖြစ်သော နီဇာရ် အဘူ အာဟာ အက်ဒင်းအတွက် လွန်ခဲ့သည့် နှစ် ၅၀၀ ကျော်က ဆောက်လုပ်ခဲ့သည့် ဗိမာန်ဖြစ်သည်။
IS က ထုတ်ပြန်သောကြေညာချက်တွင် မိမိတို့အနေဖြင့် ရုပ်ထုကိုးကွယ်မှုနှင့် ဆက်နွယ်သည့် ရုပ်တုများနှင့် ဗိမာန်များကို ဖျက်ဆီးပစ်မည်ဟု ဖော်ပြခဲ့သည်။
အီရတ်နိုင်ငံရှိ သမိုင်းဝင်နေရာများကို ဖျက်ဆီးခဲ့သည့် IS ၏ လုပ်ရပ်ကြောင့် ပါလ်မိုင်ရာမြို့အား IS က သိမ်းပိုက်ပြီးနောက်ပိုင်း မြို့တွင်းရှိ သမိုင်းအမွေအနှစ်များ၏ ကံကြမ္မာနှင့်ပတ်သက်၍ နိုင်ငံတကာက စိုးရိမ်းမှုများ မြင့်တက်လာခဲ့သည်။
ပြီးခဲ့သည့်မတ်လအတွင်းက အီရတ်နိုင်ငံ မူဆိုးလ်မြို့အနီး နှစ်ပေါင်း ၃၀၀၀ သက်တမ်းရှိသော ရှေးဟောင်းသမိုင်းဝင် အက်ဆီရီယန်မြို့ရှိ ပြတိုက်မှ အနုပညာလက်ရာများကို IS က ဖျက်ဆီးခဲ့ပြီး မြို့ကိုလည်း ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့သည်။
အီရတ်နှင့် ဆီးရီးယားရှိ ဗိမာန်များကိုလည်း IS အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့ပြီး အများစုမှာ ဆူဖီစင်ဂိုဏ်းနှင့် သက်ဆိုင်သည့် နေရာများဖြစ်သည်။
IS အဖွဲ့ ပေါ်ထွက်လာပြီးနောက် ၎င်းတို့၏ လူမဆန်သောလုပ်ရပ်များအတွက် အစ္စလာမ်သန္ဓေတည်ရာ ဆော်ဒီ၊ အစ္စလာမ့် ဓမ္မရေးရာတွင် နာမည်ကြီးသည့် အီဂျစ်တို့အပါအ၀င် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ ရှေ့ဆောင်အီမာမ်များနှင့် မွတ်စလင်အသင်းအဖွဲ့များက ရှုတ်ချခဲ့ကြသည်။
ထို့ပြင် ဆော်ဒီရှိ မွဖ်သီချုပ်ကြီးကမူ IS မှာ အစ္စလာမ်၏ နံပါတ် ၁ ရန်သူဖြစ်ပြီး မွတ်စလင်များအနေဖြင့် တွန်းလှန်ကြရန် တိုက်တွန်းခဲ့သည်။
Ref: Aljazeera
Comments