ဇွန် ၂၈၊ ၂၀၁၅
M-Media
– ထိုင်ဝမ်ရှိ ရေပန်းဥယျာဉ် ပါတီတစ်ခုတွင် ယမန်နေ့က မီးလောင်မှုကြောင့် ဒဏ်ရာရသူဦးရေမှာ ၅၀၀ ကျော်သွားခဲ့ပြီဟု အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။
ထိုင်ပေမြို့ရှိ Formosa Fun Coast ရေပန်းဥယျာဉ်တွင် လူပေါင်း ၁၀၀၀ ခန့် စုရုံးကာ အရောင်များနှင့် ကစားသည့် ပါတီတစ်ခု ကျင်းပပြုလုပ်နေစဉ် ၎င်းတို့ဖြန်းထားသည့် အရောင်မှုန့်များက ရုတ်တစ်ရက် မီးထလောင်ခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုကြောင့် ပါတီသို့ တက်ရောက်လာသူများထဲမှ ၅၀၉ ဦးမှာ မီးလောင်ဒဏ်ရာများ ရရှိခဲ့ကာ ၁၈၈ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ထိုင်ပေ ကျန်းမာရေး တာဝန်ရှိသူ လီလီဟ်ဂျွန်းက ပြောကြားခဲ့သည်။
ဗီဒီယိုမှတ်တမ်းများအရ လူအုပ်ကြီးမှာ သီချင်းများဆိုကာ ကခုန်နေစဉ် မီးထလောင်သည့်အခါ လူများမှာ ကြောက်လန့်တကြားနှင့် ထွက်ပြေးကြပြီး ဘေးနားရှိ ရပ်ကြည့်နေသူများက ရေသန့်ဘူးများဖြင့် လောင်းကာ မီးငြှိမ်းပေးခဲ့ကြသည်။
“စတိတ်စင်ရဲ့ ဘယ်ဘက်နားက မီးထလောင်တာပါ။ ပထမတော့ ပါတီရဲ့ အထူးပြုလုပ်ချက်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ခုခုမှားနေပြီဆိုတာ ကျွန်တော်သိလိုက်ပြီး လူတွေကလည်း အော်ပြီး ပြေးနေကြပါတယ်” ဟု မျက်မြင်သက်သေ တစ်ဦးက ပြောကြားခဲ့သည်။
ထိုင်ပေမြို့ မီးသတ်တပ်ဖွဲ့ကမူ “ပေါင်ဒါအမှုန့်ဖြန်းတာကနေ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်တာလို့ ကနဦးသိရပါတယ်။ စတိတ်စင်က မီးအပူကြောင့် ဖြစ်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါ ပါတီအား စီစဉ်ကျင်းပခဲ့သူကို စုံစမ်းစစ်ဆေးရန်အတွက် ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားပြီး၊ တရားသူကြီးများအနေဖြင် အဖြစ်အပျက်ကို သုံးသပ်မှုများ ပြုလုပ်နေသည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Ref: Channelnewsasia
Comments