ဇွန် ၃၀၊ ၂၀၁၅
M-Media
အင်ဒိုစစ်တပ်လေယာဉ် ပျက်ကျမှု လူ ၁၀၀ ကျော်သေဆုံး
…………………………………
အင်ဒိုနီးရှားလေတပ်မှ လူပေါင်း ၁၁၃ ဦး စီးနင်းလိုက်ပါသွားသည့် C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းမှာ ဆူမာတြားကျွန်းရှိ မီဒန်မြို့မှ ယနေ့တွင် ပျံတက်ပြီး မိနစ်အနည်းငယ်အကြာ မြို့တွင်းရှိ လူမရှိသော အိမ်ပေါ်သို့ ပျက်ကျခဲ့ပြီး
လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးခဲ့သည်ဟု စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားလိုက်သည်။ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကိုလည်း အင်ဒိုနီးရှား စစ်တပ်က ပြုလုပ်နေသည်။
တိုကျိုကျည်ဆံရထားတွင် လူတစ်ဦး မီးရှို့သတ်သေ
…………………………………..
ဂျပန်နိုင်ငံ တိုကျိုမြို့မှ အိုဆာကာမြို့သို့ ပြေးဆွဲနေသည့် ကျည်ဆံရထားပေါ်၌ အမျိုးသားတစ်ဦးက သန့်စင်ခန်းတွင် မိမိကိုယ်ကို မီးရှို့မှုကြောင့် မီးလောင်သေဆုံးခဲ့ပြီး အခြားအမျိုးသမီးတစ်ဦးမှာလည်း သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မီးရှို့သူမှာ ရထားပေါ်တွင် ပါလာသည့် ကားထဲမှ ဓာတ်ဆီဖြင့် လောင်းကာ မီးရှို့ခဲ့ခြင်းဖြစ်ပြီး အခြား ၂ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။
မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ဆောင်ရွက်ရသည်ကို ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးလျက်ရှိနေသည်။
ချွေတာရေးအစီအစဉ်ကို ကန့်ကွက်ရန် ဂရိပြည်သူများကို ၀န်ကြီးချုပ်တောင်းဆို
………………………………
ကြွေးရှင်နိုင်ငံများက အဆိုပြုထားသည့် ချွေတာရေးအစီအစဉ်အတွက် မကြာမီ ပြုလုပ်တော့မည့် ပြည်သူ့ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးကြရန် ဂရိဝန်ကြီးချုပ် အဲလက်ဇစ် တစီဆီပရက်စ်က ပြည်သူများအား တိုက်တွန်းပြောကြားလိုက်သည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့သို့ ယနေ့တွင် နောက်ဆုံးထား၍ ပေးရမည်ငွေ ၁.၆ ဘီလီယံကို ဂရိက ပေးနိုင်ခြင်းမရှိတော့ဘဲ ပြည်သူ့ဆန္ဒခံယူပွဲအပြီး ကြွေးရှင်နိုင်ငံများနှင့် ဆက်လက်ဆွေးနွေးသွားမည့် အစီအစဉ်ရှိနေသည်။
Ref: News Agencies
Leave a Reply
You must be logged in to post a comment.