ဇူလိုင် ၁၊ ၂၀၁၅
M-Media
– မွတ်စလင်ခရီးသွားများ နိုင်ငံအတွင်းရှိ ဗလီဝတ်ကျောင်းတော်များ၊ ဟာလာလ် စားသောက်ဆိုင်များအား ရှာဖွေရာတွင် အကူအညီဖြစ်စေရန်အတွက် စမတ်ဖုန်း အက်ပလီကေးရှင်း တစ်ခုကို ထိုင်းအစိုးရက တနင်္လာနေ့တွင် ထုတ်လုပ်ဖြန့်ချီ လိုက်သည်ဟု သိရသည်။
“ဒါဟာ ကျွန်တော်တို့ အတွက် ထူးခြားပြီး သမိုင်းဝင်အချိန်ပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ထိုင်းနိုင်ငံကို မွတ်စလင်တွေ ကျွမ်းဝင်တဲ့ နိုင်ငံ အဖြစ် ပိုပြီးခိုင်မာတဲ့ အခြေအနေ ရောက်စေမယ့် ဗျူဟာအသစ်ကို ဖော်ထုတ် လိုက်တာကြောင့်လည်း ဖြစ်ပါတယ်” ဟု ထိုင်း ခရီးသွားလာရေး အာဏာပိုင်အဖွဲ့ TAT မှ ယာယီ အုပ်ချုပ်ရေးမှူး ဂျူသာပေါင် ရာန်ဂရိုနာဆာက ဇွန်လ ၂၉ ရက်နေ့တွင်
ပြောကြားခဲ့သည်။
အဆိုပါအက်ပလီကေးရှင်း အသစ်မှာ ဗလီဝတ်ကျောင်းတော်များ၊ ၀တ်ပြုဆောင်ပါသည့် ဟိုတယ်များ၊ ရှော့ပင်းစင်တာများနှင့် ဟာလာလ် စားသောက်ဆိုင်များကို ရှာဖွေရာတွင် မွတ်စလင်များအတွက် အကူအညီဖြစ်စေမည် ဖြစ်သည်။
အက်ပလီကေးရှင်းကို အန်ဒရိုက်နှင့် ISO နှစ်မျိုးစလုံးတွင် ရရှိသုံးစွဲနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာ Store များတွင် အခမဲ့ ဒေါင်းလုပ် ဆွဲသွားနိုင်မည်ဟု ရာန်ဂရိုနာဆာက အက်ပလီကေးရှင်း မိတ်ဆက် အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထိုသို့ဆောင်ရွက်မှုမှာ အာရှ၏ ခရီးသွားလာရေး ဗဟိုချက်တစ်ခုဖြစ်သော ထိုင်းနိုင်ငံသို့ မွတ်စလင် ခရီးသွားများအား ပိုမိုဆွဲဆောင်ရန် ဆောင်ရွက်သည့် အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြီး နိုင်ငံစီးပွားရေး၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသော ခရီးသွားလာရေးလုပ်ငန်းကို ပိုမိုမြှင့်တင်နိုင်မည်ဟု TAT က မျှော်လင့်ထားသည်။
ထိုင်းနိုင်ငံ၏ ခရီးသွားလာရေး ကဏ္ဍမှာ စစ်တပ်အာဏာသိမ်းသည့် ၂၀၁၄ ခုနှစ်မှစ၍ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပြီး လနှင်ချီကြာမြင့်ခဲ့သည့် ပြည်သူများ၏ ဆန္ဒပြမှုများကလည်း ခရီးသွားလာရေး လုပ်ငန်းကို ထိခိုက်စေခဲ့သည်။
“ဟာလာလ်ခရီးသွားလာရေးနဲ့ သက်ဆိုင်တဲ့ ဟိုတယ်တွေ ဖွံ့ဖြိုးအောင်ဆောင်ရွက်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုကို တိုးမြှင့်ဖို့ ကျွန်တော်တို့ ပစ်မှတ်ထားနေပါတယ်။ ဒါတွေအားလုံးဟာ ကျွန်တော်တို့အတွက် အကောင်းဖြစ်စေမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ တက်လာမယ့် လူငယ်မျိုးဆက်သစ်တွေအတွက် ဒါက အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာဖြစ်ပြီး အမျိုးသား ပေါင်းစည်းရေးနဲ့ ပူးပေါင်းပါဝင်ရေးကိုလည်း မြှင့်တင်နိုင်မှာ ဖြစ်တာကြောင့်ပါပဲ” ဟု ရာန်ဂရိုနာဆာက ထည့်သွင်းပြောကြားခဲ့သည်။
ယခုထုတ်လုပ်ဖြန့်ချီလိုက်သည့် အက်ပလီကေးရှင်းမှာ လောလောဆယ်တွင် ထိုင်းနှင့် အင်္ဂလိပ် ဘာသာစကား ၂ မျိုးဖြင့် အသုံးပြုသွားနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် အာရဗီနှင့် အင်ဒိုနီးရှား ဘာသာစကားများအထိ ချဲ့ထွင်သွားရန် အစီအစဉ်ရှိနေသည်။
OIC အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများတွင် ထိုင်းနိုင်ငံမှာ စင်ကာပူပြီးနောက် မွတ်စလင် ခရီးသွားများအတွက် ဒုတိယ လူကြိုက်များဆုံး ခရီးသွားဌာနဖြစ်သည်ဟု ၂၀၁၅ ခုနှစ် Global Muslim Travel Index တွင် ဖော်ပြထားသည်။
“ဒါဟာ ကျွန်တော်တို့မှာ မွတ်စလင် ခရီးသွားတွေအတွက် ထုတ်ကုန်တွေနဲ့ ၀န်ဆောင်မှုတွေ တော်တော်များများ ရှိတာကြောင့်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ရာန်ဂရိုနာဆာက ဆိုသည်။
ယခုနှစ်အတွင်း ခရီးသွားလုပ်ငန်းမှာ ၂၀၁၄ ခုနှစ်ကထက် ၁၄ ရာခိုင်နှုန်းတိုးကာ စံချိန်တင်ဝင်ငွေ ကန်ဒေါ်လာ ၂၉.၅ သန်း ရရှိမည် မျှော်မှန်းထားကြောင်း ခရီးသွားလာရေးကောင်စီက ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့သည်။
ဗုဒ္ဓဘာသာဝင် အများစုရှိရာ ထိုင်းနိုင်ငံတွင် အစ္စလာမ်ကို သက်ဝင်ယုံကြည်ကြသူများမှာ ၅ ရာခိုင်နှုန်းရှိသည်။
Android App Link =>https://play.google.com/store/apps/details?id=com.wisdomlanna.thailandhalalexperience
ios App Link =>https://itunes.apple.com/my/app/thailand-muslim-friendly-destination/id1002310096?mt=8
Ref: Businessinsider, onislam
Comments