ဇူလိုင် ၂၊ ၂၀၁၅
M-Media
– ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုတွင် ပြောကြားခဲ့သော မက္ကဆီကန် ရွှေ့ပြောင်းအခြေချလာသူများအပေါ် လူမျိုးရေးခွဲခြားစော်ကားသည့် မှတ်ချက်အတွက် သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် အမေရိကန် သူဌေးကြီး ဒေါ်နယ် ထရမ့်ပ်နှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုအားလုံးကို အဆုံးသတ်လိုက်ပြီဟု NBC ရုပ်သံဌာနက ပြောကြားလိုက်သည်။
NBC နှင့် ထရမ့်ပ်တို့ ပူးပေါင်းကာ နှစ်စဉ်တင်ဆက်နေသည့် Miss USA နှင့် Miss Universe အလှမယ် ပြိုင်ပွဲများကိုလည်း ထပ်မံ ထုတ်လွှင့်သွားတော့မည်မဟုတ်ဟုလည်း ဆိုသည်။ NBC မှာ အဆိုပါ ပြိုင်ပွဲများကို ၂၀၀၃ ခုနှစ်ကတည်း ဆက်တိုက် ထုတ်လွှင့်လာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွက် ပြိုင်ပွဲကို ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။
“NBC မှာ လူသားအားလုံးအတွက် လေးစားမှုနဲ့ ဂုဏ်သိက္ခာဟာ ကျွန်တော်တို့ တန်ဖိုးတွေရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်” ဟု ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် NBC က ဖော်ပြထားသည်။ ထရမ့်ပ်ကလည်း အားနည်းသော NBC အနေဖြင့် ၎င်းအား တရားရုံးတွင် ရင်ဆိုင်ရန် ပြင်ဆင်ထားသင့်သည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် တနင်္လာနေ့နှောင်းပိုင်းက မက္ကဆီကိုရှိ မီဒီယာကြီးတစ်ခုဖြစ်သော Televisa ကလည်း ၎င်းတို့မှာ Miss Universe အလှမယ်ပြိုင်ပွဲကို ဆက်လက်ထုတ်လွှင့်တော့မည်မဟုတ်ဘဲ အခြားသော ဆက်သွယ်ရေးစီမံကိန်းများနှင့် ပတ်သက်၍ ထရမ့်ပ်နှင့် အလုပ်လုပ်တော့မည်မဟုတ်ဟု ကြေညာခဲ့သည်။
Televisa မှာ မြောက်အမေရိကတွင် အကြီးဆုံးရုပ်သံဌာနများမှ တစ်ခုဖြစ်ပြီး ၎င်းတို့၏ ကြေညာချက်၌ ထရမ့်ပ်၏ လေးစားသမှုမရှိသော မှတ်ချက်များက မက္ကဆီကိုပြည်သူများအားလုံးကို ဒေါသထွက်စေသည်ဟု ဖော်ပြခဲ့သည်။ ထို့ပြင် မိမိတို့ကုမ္ပဏီအနေဖြင့် ခွဲခြားဆက်ဆံမှု၊ လူမျိုးရေးခွဲခြားမှု၊ နိုင်ငံခြားသားကြောက်ရောဂါ ပုံစံအားလုံးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သည်ဟုလည်း ဆိုသည်။
ထရမ့်ပ်၏ ကိုယ်စားလှယ်ကမူ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။
လွန်ခဲ့သည့်တစ်ပတ်ကလည်း အခြားမီဒီယာကုမ္ပဏီတစ်ခုဖြစ်သည့် Univision က အဆိုပါ လူမျိုးရေးခွဲခြားမှုကြောင့် ထရမ့်ပ်၊ အလှမယ်ပြိုင်ပွဲများနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့သည်။ ထရမ့်ပ်မှာ NBC ၏ The Apprentice အစီအစဉ် တင်ဆက်သူလည်းဖြစ်ပြီး ယခုအချိန်တွင် တင်ဆက်ခွင့်မရတော့ဘဲ NBC က အခြားတစ်ဦးကို ရှာဖွေနေသည်။
ထရမ့်ပ်က မိမိအနေဖြင့် စီးပွားရေးဆုံးရှုံးမည်ကို မျှော်လင့်ထားပြီးဖြစ်သော်လည်း မိမိ၏ မှတ်ချက်မှာ မှန်ကန်သည့်အတွက်ကြောင့် တောင်းပန်သွားမည်မဟုတ်ဟု တုံ့ပြန်ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းနှင့် စီးပွားရေးအဆုံးသတ်ခဲ့သည့် လုပ်ငန်းများကိုလည်း တရားစွဲဆိုသွားမည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။
သမ္မတလောင်းအဖြစ် မဲဆွယ်မှုတွင် ထရမ့်ပ်က မက္ကဆီကန် ပြောင်းရွှေ့အခြေချသူများမှာ မူးယစ်ဆေးဝါး၊ ရာဇ၀တ်မှုတို့ကို အမေရိကန်သို့ ယူဆောင်လာပြီး ၎င်းတို့မှာ မုဒိမ်းကောင်များဖြစ်ကာ အနည်းငယ်သာ လူကောင်းများဖြစ်သည်ဟု မိမိယူဆကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် မက္ကဆီကိုနှင့် အမေရိကန်နယ်စပ်တစ်လျှောက်တွင် တံတိုင်းတည်ဆောက်ရန်လည်း ၎င်းက
တိုက်တွန်းခဲ့သည်။
နောက်ပိုင်းတွင် ထရမ့်ပ်က ၎င်း၏ မှတ်ချက်များမှာ အမေရိကန်၏ ပေါ်လစီချမှတ်သူများကို ရည်ညွှန်း၍ ပြောဆိုခြင်းဖြစ်ပြီး မက္ကဆီကိုအစိုးရနှင့် ပြည်သူများကို ရည်ညွှန်းခြင်းမဟုတ်ဟု ပြန်လည်ဖြေရှင်းခဲ့သည်။
ထိုမှတ်ချက်ကြောင့် လက်တင်နွယ်ဖွားများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများမှာ ထရမ့်ပ်အား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
Ref: AP
Comments