ဇူလိုင် ၂၊ ၂၀၁၅
M-Media
– ကိုပါအမေရိကတွင် ဂိုးပေါက်ပျောက်နေမှုအတွက် မိမိအနေဖြင့် သောကရောက်ခြင်းမရှိဟု အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပြောကြားလိုက်ပြီး အသင်းဖော်များ၏ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့သည်။
ပြိုင်ပွဲတစ်လျှောက် တစ်ဂိုးသာ သွင်းယူထားနိုင်သည့် မက်ဆီမှာ ပါရာဂွေးအသင်းနှင့် ယမန်နေ့မနက်က ကစားခဲ့ပြီး အာဂျင်တီးနားက ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိချေ။ သို့သော်လည်း ထိုဂိုးများထဲမှ ၃ ဂိုးကို ဖန်တီးပေးခဲ့ပြီး ထိုပွဲ၏
အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည်။ ၎င်းကမူ အသင်း၏ အမှားအယွင်းမရှိခြင်းက မိမိဂိုးမရမှုကို အစားထိုးခဲ့သည်ဟု ဆိုသည်။
“တစ်ဂိုးမှ မသွင်းနိုင်ခဲ့တဲ့အတွက် ကျွန်တော် သောကမရောက်ပါဘူး။ ကျွန်တော်တို့ အမှားအယွင်းမရှိ ကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲတွေတုန်းက လုပ်သလိုပဲ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာပါ။ တူညီတဲ့ အိုက်ဒီယာကိုပဲ ကျွန်တော်တို့ လိုက်ပါတယ်။ နောက်ထပ်ဖိုင်နယ်ရောက်ရမယ်ဆိုတဲ့ ပထမရည်မှန်းချက် ကျွန်တော်တို့ ပြည့်ဝသွားပါပြီ။ ကျွန်တော်တို့ ချန်ပီယံဖြစ်နိုင်တယ်ဆိုတာအတွက် စိတ်လှုပ်ရှားနေပါတယ်” ဟု မက်ဆီက သတင်းထောက်များအား ပြောကြားခဲ့သည်။
အာဂျင်တီးနားမှာ ဇူလိုင်လ ၄ ရက်နေ့တွင် အိမ်ရှင်ချီလီအသင်းနှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မက်ဆီကမူ ခက်ခဲသည့် တွေ့ဆုံမှုဖြစ်မည်ဟု ဆိုသည်။
“ဒါဟာ နောက်ဆုံးဗိုလ်လုပွဲဖြစ်ပြီး ကျွန်တော် မျှော်လင့်ချက်ထားပါတယ်။ ဒီပွဲဟာ ခက်ခဲတဲ့ပွဲဖြစ်မှာပါ။ ကိုပါအမေရိကဖလားကို ရရှိခြင်းဟာ ကြီးကျယ်ခမ်းနားတဲ့ ပြည့်စုံမှု ဖြစ်ပါလိမ့်မယ်။ နိုင်ငံအသင်းနဲ့အတူ ကျွန်တော် တစ်ခုခုကို ဗိုလ်စွဲချင်ပါတယ်”
Ref: Goal
Comments