ဇူလိုင် ၆၊ ၂၀၁၅
M-Media
– ဇွန်လ ၁၉ ရက်နေ့က ဒူဘိုင်းမှ မနီလာသို့ ရောက်ရှိလာသည့် အသက် ၃၆ နှစ်အရွယ် နိုင်ငံခြားသား အမျိုးသားတစ်ဦးတွင် မားစ်ရောဂါပိုး ရှိနေသည်ဟု ဖိလစ်ပိုင်တာဝန်ရှိသူများက အတည်ပြုခဲ့သည်။
မနီလာသို့ ရောက်ရှိစဉ် ၎င်းမှာ မားစ်ရောဂါလက္ခဏာများ ပြခဲ့ပြီးနောက် ဇူလိုင်လ ၄ ရက်နေ့တွင် ဆေးရုံသို့ တင်ပို့ခဲ့ကာ စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ဒွန် လီဆေးက ယနေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် ရောဂါပြန့်နှံ့မှုအား တားဆီးရန် ရောဂါပိုးရှိသူများနှင့် ထိတွေ့ခဲ့သူများကို နောက်ကြောင်းလိုက်မှုများ ပြုလုပ်နေသည်ဟုလည်း ဆိုသည်။
အဆိုပါအမျိုးသားမှာ ဆော်ဒီအာရေဗျသို့လည်း သွားရောက်ခဲ့ပြီး လက်ရှိအခြေအနေမှာ တိုးတက်နေကြောင်း၊ ပြည်သူလူထုအတွင်း ကူးစက်ပြန့်နှံ့မှုသတင်းကို ယခုအချိန်အထိ မကြားရသေးကြောင်း လီဆေးက ထည့်သွင်းပြောကြားခဲ့သည်။
ယခုကဲ့သို့ မားစ်ရောဂါကူးစက်နေသူကို ဖိလစ်ပိုင်တွင် တွေ့ရှိရခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် ဇန်န၀ါရီလကလည်း ဆော်ဒီအာရေဗျတွင် အလုပ်လုပ်ခဲ့သည့် ဖိလစ်ပိုင်သူနာပြုတစ်ဦးတွင် ရောဂါပိုးတွေ့ခဲ့ရကာ ယခုအချိန်တွင် ပျောက်ကင်း သက်သာသွားပြီဖြစ်သည်။
အာရှတွင် မားစ်ရောဂါ အဆိုးရွားဆုံး ကူးစက်ပြန့်နှံ့နေသည့် တောင်ကိုရီးယားတွင် သေဆုံးသူမှာ ၃၃ ဦး ရှိလာပြီး ကူးစက်နေသူမှာ ၂၀၀ ခန့် ရှိနေသည်။
ရောဂါပိုးကူးစက်ပြန့်နှံ့မှုကို တားဆီးရန်အတွက် တောင်ကိုရီးယားက ဥပဒေအသစ်များကို ပြဌာန်းခဲ့ပြီး ထိုဥပဒေအရ ရောဂါပိုးသံသယဖြင့် သီးသန့်ခွဲထားခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများအား မလိုက်နာသူများကို အာဏာပိုင်များက ဖမ်းဆီးကာ ထောင်ချနိုင်မည်ဖြစ်သည်။
Ref: Aljazeera
Comments