ဇူလိုင် ၁၃၊ ၂၀၁၅
M-Media
– မက္ကဆီကိုတွင် နာမည်ဆိုးဖြင့် အကျော်ကြားဆုံး မူးယစ်ရာဇာ ဂျိုအာကွင်း အလ် ချာပို ဂူဇ်မန်မှာ စနေနေ့ညက မက္ကစီကိုစီးတီး အပြင်ဘက်ရှိ လုံခြုံရေးမြင့်မားသောထောင်မှ ဒုတိယအကြိမ်မြောက် ဖောက်ပြေးသွားကာ ၎င်း၏ အချုပ်ခန်းအောက်မှ တူးထားသော လှိုင်ခေါင်းမှ တစ်ဆင့် လွတ်မြောက်သွားသည်ဟု သိရသည်။
အလ်တီပါလ်နို အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခဲ့နေသည့် ဂူဇ်မန်မှာ ၁.၅ ကီလိုမီတာရှည်သည့် မြေအောက်လှိုင်ခေါင်းမှတစ်ဆင့် လွတ်မြောက်သွားခြင်းဖြစ်ကာ အဆိုပါလှိုင်ခေါင်းမှာ အနီးအနားရှိ စွန့်ပစ်ထားသော အိမ်တစ်ခုတွင် အဆုံးသတ်သွားခဲ့သည်ဟု အမျိုးသား လုံခြုံရေး ကော်မရှင်နာမင်းကြီး မွန်တီ အလက်ဂျန်ဒရို ရူဘီဒိုက ယမန်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၂၀၀၁ ခုနှစ်ကလည်း ထိုကဲ့သို့ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည့် ဂူဇ်မန်ကို စနေနေ့ည ၈ နာရီ ၅၂ မိနစ်ခန့်က ရေချိုးသည့်နေရာတွင် တွေ့ခဲ့ရပြီး နောက်ပိုင်းတွင် ပျောက်သွားခဲ့ခြင်းဖြစ်သည်။ ဂူဇ်မန်မှာ အမေရိကန်ရှိ တရားသူကြီးများကလည်း အလိုရှိနေသူဖြစ်ပြီး တစ်ချိန်က Forbes ၏ ဘီလီယံနာစာရင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။ ၎င်းအား ၂၀၀၇ ခုနှစ်တွင် ပြန်လည် ဖမ်းမိခဲ့သည်။
၎င်း၏ အချုပ်ခန်း ရေချိုးသည့်နေရာတွင် ဖောက်ထားသည့် အပေါက်မှာ အလျား၊ အနံ လက်မ ၂၀ စီ ရှိပြီး ၃၂ ပေရှည်သော လှေကားတစ်ခု တပ်ဆင်ထားကာ အဆိုပါ လှေကားမှာ ၅.၆ ပေအမြင့်ရှိကာ ၂၈လက်မမှ ၃၁ လက်မ အကျယ်ရှိသော မြေအောက်လှိုင်ခေါင်းတွင် အဆုံးသတ်ခဲ့သည်။
ပထမအကြိမ်က ထောင်ဝန်ထမ်းများဖြင့်ပေါင်းကာ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ပြီး ယခု ထောင်ဖောက်ပြေးမှု ထပ်မံဖြစ်ပေါ်လာပြီးနောက် ထောင်တာဝန်ရှိသူ ၁၈ ဦးကို တရားရုံးချုပ် ရုံးမှ ရာဇ၀တ်မှုအထူးစစ်ဆေးရေးအဖွဲ့က စစ်ကြောမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ရူဘီဒိုက ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ဂူဇ်မန်အား မြို့အတွင်း ပိုက်စိတ်တိုက် ရှာဖွေမှုများ ပြုလုပ်နေပြီး သမ္မတ ပန်နာ နီယက်တိုက ထောင်ဖောက်ပြေးမှုတွင် အစိုးရ၀န်ထမ်းများ ပါဝင်ကူညီခြင်း ရှိ၊ မရှိ စုံစမ်းရန် အမိန့်ပေးထားသည်။
ဂူဇ်မန်မှာ ကမ္ဘာ့ထိပ်တန်း ရာဇ၀တ်ကောင်များထဲမှ တစ်ဦဖြစ်ပြီး အင်အားတောင့်တင်းသည့် စီနာလိုအာ မူးယစ်ဂိုဏ်းကို ခေါင်းဆောင် စီမံနေသူတစ်ဦးလည်း ဖြစ်သည်။ အဆိုပါမူးယစ်ဂိုဏ်းမှာ ဘီလီယံနှင့်ချီ တန်ဖိုးရှိသော ကိုကိန်း၊ ဆေးခြောက်နှင့် စိတ်ကြွဆေးပြားများကို အမေရိကန်သို့ မှောင်ခိုသွင်းနေသည့်အဖွဲ့ဖြစ်ပြီး အခြားသော မက္ကဆီကိုဂိုဏ်းများနှင့် ပြင်းထန်သောတိုက်ခိုက်မှုများလည်း ပြုလုပ်လေ့ရှိသည်။
Ref: Reuters
Comments