ဇူလိုင် ၂၄၊ ၂၀၁၅
M-Media
– အမေရိကန်ပြည်ထောင်စု လူဝီစီးယားနားပြည်နယ် လာဖာယက်တီမြို့တွင် သေနတ်သမားတစ်ဦးက ယမန်နေ့ညပိုင်းတွင် ရုပ်ရှင်ရုံအတွင်းသို့ ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပြီး သေနတ်သမားမှာ မိမိကိုယ်ကို ပစ်သတ်သွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Train Wreck အမည်ရသည့် ရုပ်ရှင်ကို ဒေသစံတော်ချိန် ည ၇ နာရီပွဲ၌ ပြသပြီး မိနစ် ၂၀ အကြာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မျက်မြင်သက်သေတစ်ဦးဖြစ်သူ ကေသီ ဒိုမီနစ်ကမူ သေနတ်သမားမှာ အသက်ကြီးသည့် လူဖြအမျိုးသားတစ်ဦးဖြစ်ပြီး ရုပ်ရှင်ရုံထဲသို့ ၀င်ရောက်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“သူဘာမှမပြောပါဘူး။ ဘာအော်သံမှလည်း ကျွန်မ မကြားပါဘူး” ဟု ဒိုမီနစ်ကဆိုပြီး ၎င်းတို့စုံတွဲ နီးစပ်ရာ ထွက်ပေါက်မှ ထွက်မပြေးခင် သေနတ်သံ ၆ ချက် ကြားခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ သေနတ်သမားမှာ နောက်ပိုင်းတွင် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်။
ပစ်ခတ်မှုကြောင့် လူ ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ရုပ်ရှင်ရုံထဲတွင် လူပေါင်း ၁၀၀ ခန့် ရှိသည်ဟု ထိုအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ရသူ ကိုင်ဖာ ဆန်ဒါစ်က CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၃ နှစ်ကလည်း ကိုလိုရာဒိုပြည်နယ် အူရိုရာမြို့ရှိ ရုပ်ရှင်ရုံတစ်ရုံ၌ လင်းနို့လူသား၏ The Dark Knight Rises ဇာတ်ကား ပြသနေစဉ် ဂျိမ်းစ်ဟုမ်းဆိုသူက သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့သောကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။
Ref: Channelnewsasia
Comments