သြဂုတ် ၁၆၊ ၂၀၁၅
M-Media
– ၀န်ကြီးချုပ် ဟန်ဆန်အား ဒေါသထွက်စေသည့် ပို့စ်တစ်ခုကို Facebook ၌ လွှင့်တင်မှုကြောင့် ကမ္ဘောဒီးယားရှိ ထင်ရှားသည့် အတိုက်အခံ လွတ်တော်အမတ်တစ်ဦးကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲဆိုသွားမည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။
လွတ်တော်အမတ် ဟွန် ဆွတ် ဟောရ်ဖြစ်ပြီး ကမ္ဘောဒီယားခေါင်းဆောင်ဟောင်း ဟန်ဆာမရင်က ၁၉၇၉ ခုနှစ်တွင် ကမ္ဘောဒီးယား-ဗီယက်နမ် နယ်စပ်ကို ဖျက်သိမ်းရန် ကတိပြုထားသည့် စာချုပ်ဟုဆိုသော စာရွက်စာတမ်းတစ်ခုကို Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့မှုအတွက် နိုင်ငံတော်သစ္စဖောက်မှုဖြင့် စွပ်စွဲခံရခြင်း ဖြစ်သည်။
“စာချုပ်အတုတစ်ခုနဲ့ပတ်သက်ပြီး Facebook မှာ ပို့စ်တစ်ခု တင်ထားပါတယ်။ ဒါဟာ ခွင့်လွတ်နိုင်စရာမဟုတ်ဘဲ အရေးယူဖို့ လိုအပ်ပါတယ်။ ပိုချက်တွန် (ဖနွမ်ပင် နိုင်ငံတကာလေဆိပ်) နဲ့ အခြားသော စစ်ဆေးရေးဂိတ်တွေအားလုံးကို ပိတ်ဆို့လိုက်ပါပြီ။ ဒါ့ကြောင့် ဒီလူကို ဖမ်းမှာဖြစ်ပြီး နိုင်ငံခြား သံရုံးတွေအတွင်း ထွက်ပြေးခွင့် ပေးမှာမဟုတ်ပါဘူး” ဟု ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည့် မိန့်ခွန်းတွင် ၀န်ကြီးချုပ် ဟန်ဆန်က ပြောကြားခဲ့သည်။
စနေနေ့မနက် အာရုံတက်ချိန်တွင် အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီ CNRP မှ ဟွန်ဆွတ်ဟောရ်ကို လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဖေဆိုင်ဖန်ကမူ ဆွတ်ဟောရ်ကို မေးခွန်းများ မေးမြန်းရန်အတွက် ရဲဌာနတွင် ထိန်းသိမ်းထားသည်ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
CNRP ၏ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ အူချန်ရစ်သ်ကမူ အဆိုပါစာချုပ်မှာ အတုဖြစ်သည်မှာ မှန်သော်လည်း ဆွတ်ဟောရ်မှာ နိုင်ငံတော်သစ္စာဖောက်မှုကို မကျူးလွန်ခဲ့ကြောင်း၊ ၎င်းအား ဖမ်းဆီးခြင်းမှာ တရားမ၀င်ကြောင်း ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခယူ ဆိုဟီက်ကမူ ဆွတ်ဟောရ်၏ Facebook တွင်တင်သော သတင်းအချက်အလက်မှာ တိုင်းပြည်အတွင်း ၀ရုန်းသုန်းကား ဖြစ်စေနိုင်ပြီး၊ ထိုကြောင့် နိုင်ငံတော်သစ္စာဖောက်မှု လုပ်ရပ်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
အတိုက်အခံပါတီ CNRP နှင့် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီတို့ အကြားတွင် တင်းမာမှုများမှာ လွန်ခဲ့သည့်နှစ်ကတည်းက စတင် မြင့်တက်လာခဲ့သည်။
Ref: Aljazeera
Comments