သြဂုတ် ၁၆၊ ၂၀၁၅
M-Media
– ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူး ပေါ့ဘာမှာ ပါရမီရှင်ဖြစ်ပြီး နံပါတ် ၁၀ နေရာကို ပေးခဲ့ပါက အသင်း၏ ခေါင်းဆောင်ပင် ဖြစ်လာမည်ဟု နည်းပြဟောင်းဖြစ်သူ မာဆယ်လိုလစ်ပီက ပြောကြားလိုက်သည်။
စီးရီးအေလက်ရှိချန်ပီယံ ဂျူဗင်တပ်စ်မှာ ၎င်း၏ လေးကြိမ်ဆက် ချန်ပီယံဘွဲ့ကို ကာကွယ်ရန် ပြင်ဆင်နေပြီး အဓိက ကစားသမားများဖြစ်သော တီဗက်ဇ်၊ ပီယာလိုနှင့် ဗီဒယ်တို့မှာ နွေရာသီက အသင်းမှ ထွက်သွားသောကြောင့် ပေါ့ဘာမှာ အသင်း၏ အရေးပါသည့် နံပါတ် ၁၀ နေရာကို ရရှိရန် ရေပန်းစားနေသည်။
လစ်ပီကမူ ဂျူဗင်တပ်စ်အသင်းမှာ အသက် ၂၂ နှစ်အရွယ် ပေါ့ဘာအပေါ်ယုံကြည်မှုမှ အကျိုးခံစားရမည်ဟု ယုံကြည်နေပြီး ပေါ့ဘာမှာ ယခုရာသီတွင် ရင့်ကျက်လာမည်ဟုလည်းဆိုကာ အသင်း၌ ဆက်ရှိသွားမည်ကိုလည်း သိရှိနေသည်ဟု ပြောကြားခဲ့သည်။
“ပေါ့ဘာက မွေးရာပါ ခေါင်းဆောင်တစ်ယောက်ပါ။ ပြီးတော့ သူဟာ နံပါတ် ၁၀ နဲ့လည်း ထိုက်တန်ပါတယ်။ ဂျူဗင်တပ်စ်မှာ နေမယ်လို့ ရွေးချယ်ခြင်းက သူ့ရဲ့ ရဲရင့်မှုကို ပြသခဲ့တာပါပဲ” ဟု လစ်ပီကဆိုပြီး ပေါ့ဘာမှာ လက်ရှိအချိန်တွင် ၎င်း၏ ခေါင်းဆောင်မှုစွမ်းရည်ကို သက်သေပြရတော့မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းမှ အဓိက ကစားသမားများ ထွက်ခွာသွားသော်လည်း အသင်း၏ ချန်ပီယံဘွဲ့အတွက် ယုံကြည်စိတ်ချရမှုမှာ အလွန်အမင်း လျော့ကျသွားမည်ဟု မထင်ကြောင်း လစ်ပီက ပြောကြားခဲ့ပြီး ရိုးမားနှင့် အေစီမီလန်တို့မှာ ချန်ပီယံဘွဲ့အတွက် အဓိကစိန်ခေါ်သူများ ဖြစ်လာမည်ဟု ၀န်ခံခဲ့သည်။
“ဂျူဗင်တပ်စ်ရဲ့လားရာက ရှင်းရှင်းလင်းလင်းရှိပါတယ်။ ပြီးတော့ မှန်ကန်တဲ့ခေါ်ယူမှုတွေလည်း ပြုလုပ်ထားတာကြောင့် သူတို့ဟာ ရေပန်းစားနေတုန်းပါပဲ။ သူတို့ဟာ ၄ နှစ်ဆက်ယူထားပြီး ဒါ့ကြောင့်လည်း ရေပန်းစားသူအဖြစ် ထည့်သွင်းစဉ်းစားခံရတာပေါ့”
Ref: Goal
Comments