စက်တင်ဘာ ၁ ၊ ၂၀၁၅
ရေးသူ- ညီညီကျော်
မနေ့ကညနေ…..ဆွေမျိုးတစ်ယောက်ရဲ့ကျန်းမာရေး ကိစ္စနဲ့ ဆွေးနွေးချင်လို့ တော်တော်ခင်မင်တဲ့ မိတ်ဆွေ ခွဲစိတ်အထူးကု ဆရာဝန် တစ်ယောက်ဆီဖုန်းဆက်ဖြစ်ပါတယ်။
သူကဆေးခန်းထိုင်နေကြောင်းအပြန်မှာ အိမ်ကိုဝင်လာမယ့် အကြောင်း ပြောပါတယ်။
ဒါနဲ့ကျွန်တော်က အိမ်မှာငါမရှိဘူး အပြင်ရောက်နေတယ် မင်းဆီငါအခုဝင်လာမယ် လမ်းလည်းကြုံနေတာပဲလို့ပြောပြီး သွားတွေ့ဖြစ်ပါတယ်။
ကျွန်တော့် သူငယ်ချင်း ထိုင်တဲ့ဆေးရုံလည်း ရောက်ရော အောက်ထပ်မှာတွေ့တဲ့ သူနာပြုဆရာမလေး တစ်ယောက်ကို ကျွန်တော် ဒေါက်တာဌေးမြင့် နဲ့တွေ့ချင်လို့ပါ၊ ဖုန်းဆက်ထားပါတယ်လို့ ပြောပြပြီး လေးလေးစားစား အကူအညီတောင်းပါတယ်။
သူနာပြုဆရာမလေး။ ။ တွေ့ချင်တာ ကုလား ဌေးမြင့်လား၊ ကရင် ဌေးမြင့်လား ၊ရှေ့မှာ ဒေါက်တာတပ်မခေါ်ပါဘူး။
ညီညီကျော်။ ။ ကဲ…. ညီမရေ ကုလား ဒေါက်တာဌေးမြင့်က ကိုယ့်သူငယ်ချင်းပါ။ ကုလား ဒေါက်တာ ညီညီကျော် လာတွေ့ တယ်လို့ပြောပေးပါ။
သူနာပြုဆရာမလေး ။ ။ဟုတ်ကဲ့ပါရှင်လို့ပြောပြီး….ခွေးချီးပုံ လတ်လတ်ဆတ်ဆတ် ပေါ်မှောက်လဲတဲ့ မျက်နှာမျိုးနဲ့ ဆေးခန်းထဲ ပြေးဝင်သွားပါတော့တယ်။
ကျွန်တော် မိတ်ဆွေနဲ့တွေ့ပြီး ဆေးခန်းကပြန်တော့ ကောင်တာ ကျောပေးပြီး ထိုင်နေတဲ့ သူနာပြုဆရာမလေးကို သွားတွေ့ပြီးကူညီမှုအတွက် ကျေးဇူးတင်ပါကြောင်း ၊ ကျွန်တော် ကုလား ဒေါက်တာ ညီညီကျော် ဖြစ်ပါကြောင်း visiting card လေးပေးရင်း နှုတ်ဆက်ဖြစ်အောင်သွား နှုတ်ဆက်လိုက်ပါသေးတယ်ခင်ဗျ….
ဆရာမလေးရဲ့ ဟန်ဆောင်မချိပြုံး ပြုံးထားတဲ့ မျက်နှာပေါ်မှာ သူမရဲ့နှလုံးသားရောင်ပြန်လေးဟပ်လို့ပေါ့။
နေရာတိုင်းမှာဘာတွေဖြစ်ကုန်တာလဲ???
အာဏာဆိုတဲ့အရာ တစ်ခုတည်မြဲဖို့ အတွက် တစ်နိုင်ငံလုံးရဲ့စိတ်ဓာတ်တွေကို လူ့အဆင့်အတန်း မမီအောင် ဖျက်ဆီးပစ်ရတာ ထိုက်တန်ပါရဲ့လား???
အပြန်မှာ ကားဒရိုင်ဘာက ဆရာဘာတွေသဘောကျပြီး ပြုံးနေတာလဲလို့မေးပါရဲ့…..ညီညီကျော် မှာအဖြေမရှိပြန်ပါဘူး။
မေတ္တာဖြင့်
ဒေါက်တာ ညီညီကျော်
**မှတ်ချက်။ ။ စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်သည်။
Comments