စက်တင်ဘာ ၁၁ ၊ ၂၀၁၅
M-Media
ပါလက်စတိုင်းကို တင်းပြည့်ကျပ်ပြည့်နိုင်ငံတစ်ခုဖြစ်လာရေးနှင့် ကုလရုံးချုပ်တွင် ပါလက်စတိုင်းအလံ လွှင့်ထူခွင့် အဆိုအား အထွေထွေညီလာခံမှ လက်ခံလိုက်ပြီဖြစ်သည်။
နယူးယော့ခ်မြို့ ကုလသမဂ္ဂရုံးချုပ်၌ ကြာသပတေးနေ့ညနေက တင်သွင်းသော ပါလက်စတိုင်းနိုင်ငံ အသိအမှတ်ပြုရေးနှင့် ရုံးချုပ်တွင် ၎င်းနိုင်ငံအလံလွှင့်ထူရေးအဆိုနှင့်ပတ်သက်၍ တခဲနက်မဲခွဲဆုံးဖြတ်ရာ ကြားနေမဲ ၄၅ မဲ၊ အစ္စရေးနှင့်အမေရိကန်အပါအ၀င် ကန့်ကွက်မဲ ၈ မဲ၊ ထောက်ခံမဲ ၁၁၉ မဲဖြင့် လက်ခံ အတည်ပြုလိုက်ကြောင်း ထုတ်ပြန်လိုက်သည်။
“ဒါက ပဏာမကိစ္စဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ပါလက်စတိုင်းတိုင်းပြည်အဖြစ် ခိုင်ခိုင်မာမာ ဖြစ်လာဖို့ နောက်ထပ်တစ်ဆင့် တက်ရပါဦးမယ်” ဟု ကုလဆိုင်ရာ ပါလက်စတိုင်းကိုယ်စားလှယ် ရိယဒ် မန်ဆူးရ် ကပြောကြားသည်။
မဲပေးရာတွင် ဥရောပ တိုင်းပြည်များ နှစ်ပိုင်းကွဲသွားသည်။ ပြင်သစ်နှင့်ဆွီဒင်တို့က ထောက်ခံကြပြီး ဂျာမဏီ၊ သြစတြီးယား၊ ဖင်လန်၊ နယ်သာလန်နှင့် ဆိုက်ပရပ်စ် စသည်တို့ကမူ ကန့်ကွက်ခဲ့ကြသည်။
ပါလက်စတိုင်း သမ္မတ မဟ်မူးဒ် အဘ္ဘာ့စ် အလည်အပတ်ရောက်လာမည့် စက်တင်ဘာ ၃၀ ရက်အထိ ထိုအစီအစဉ် အထမြောက်အောင်ဆောင်ရွက်ရန် ရက်ပေါင်း ၂၀ အချိန်ကျန်ရှိနေသေးသည်။
“ဒီစဦးခြေလှမ်းဟာ လွတ်လပ်သောပါလက်စတိုင်းနိုင်ငံအဖြစ် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထောက်ခံမှုရှိနေသေးကြောင်း ကျွန်တော်တို့ပြည်သူတွေကို မျှော်လင့်ချက်ဖြစ်စေမယ့် အားတစ်ခုပါပဲ။ အသက်မ၀င်တော့တဲ့ နိုင်ငံရေးနည်းစဉ်နဲ့အတူ စိတ်ဓာတ်ကျစရာ၊ အားငယ်စရာ ကိစ္စတွေကြောင့် ဂါဇာဟာ မွန်းကြပ်နေခဲ့ရပါတယ်။ ဒီနိုင်ငံတော်အလံထုတ်ပြန်ချက်ဟာ ပါလက်စတိုင်းပြည်သူတွေအတွက် ဖယောင်းတိုင်မီးတစ်စလို မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်သွားစေနိုင်ပါလိမ့်မယ်” ဟု မန်ဆူးရ်က ပြောကြားသည်။
“ကုလသမဂ္ဂကို ဗြောင်ကျကျ အနုကြမ်းစီးရန် ကြိုးပမ်းမှုတစ်ရပ်” ဟူသော ကုလဆိုင်ရာ အစ္စရေး သံအမတ် ရွန် ပရိုဆာ၏စကားနှင့်အတူ အစ္စရေးနှင့်အမေရိကန်တို့မှ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ ၎င်းသူက ပါလက်စတိုင်းသားတို့အပေါ် ကုလတွင် အမှတ်ရသော်လည်း အကျိုးမရှိသည့်အရာများကို ကြိုးပမ်း နေသူများအဖြစ် ရှုတ်ချပြောဆိုခဲ့သည့်အပြင် အဖွဲ့ဝင်ဖြစ်ပြီးသောနိုင်ငံ၏အလံကိုသာ လွှင့်ထူရသည့် ကုလ၏ အစဉ်အလာကို ချိုးဖောက်ရာရောက်သည်ဟုဆိုကာ ထိုအစီအစဉ်အား ပိတ်ဆို့ရပ်တန့်ရေးအတွက် ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အထွေထွေညီလာခံသဘာပတိ ရွန်ကုတိစာအား တောင်းဆိုခဲ့သေးသည်။ အမေရိကန်ပြည်ထဲရေးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ မာ့ခ်တုန်နာက စေ့စပ်ညှိနှိုင်းမှု မပြီးပြတ်မီ နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုစေလိုက်သော အကျိုးလို၍ညောင်ရေလောင်းခြင်းလုပ်ရပ်ဟု သမုတ်ခဲ့၏။
အထက်ပါပြောဆိုချက်များမှာ အဓိပ္ပာယ်မဲ့လှသည်ဟု ပါလက်စတိုင်း-ဗြိတိသျှ ပညာရှင်နှင့် စာရေးဆရာ အဇ်ဇမ်း တမီမီက အလ်ဂျဇီးရားသို့ ပြောကြားသည်။
“ကုလဆီက ပါလက်စတိုင်းသားတွေ လိုအပ်တာက သိမ်းပိုက်ကျူးကျော်ခံရတဲ့ မိမိတို့ရဲ့ သမိုင်းဝင်အခန်းကဏ္ဍကို အသိအမှတ်ပြုပေးရေး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ကြိုးစားချက်ဟာ အဓိပ္ပာယ်မဲ့အလံတစ်ခုနဲ့ အသုံးမကျတဲ့အဖွဲ့အစည်းတွေနဲ့အတူ နောက်ထပ် အာရပ်နိုင်ငံတစ်ခု ကျဆုံးရေး အတွက် မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီက လုယူသွားတဲ့ ဇာတိမြေအတွက်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တရားဝင်အားထုတ်ချက်ကို အသိအမှတ်ပြုချက်အားဖြင့် ကုလရဲ့အမှားချေဖျက်မှုကို ကျွန်တော်တို့ လိုအပ်တာပါ”။
၂၀၁၂ ခုနှစ်တွင် ကုလအထွေထွေ ညီလာခံမှ ပါလက်စတိုင်းအား အဖွဲ့ဝင် မဟုတ်သောလေ့လာသူ အဖြစ် အဆင့်တိုးမြှင့်သတ်မှတ်ပေးခဲ့သည်။
အထွေထွေညီလာခံ၏ဆုံးဖြတ်ချက်ကို လိုက်နာကြရန်၊ သို့သော် ကုလကလည်း အစဉ်အလာအတိုင်း တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံ၏အလံကိုသာ လွှင့်ထူရန် ဗာတီကန်မှ သတိပေးပြောကြားသည်။
Ref : Al Jazeera
Comments