စက်တင်ဘာ ၂၈ ၊ ၂၀၁၅
M-Media
ကမ္ဘာ့အကြီးဆုံး ယာယီတဲ မြို့တော်ဖြစ်တဲ့ မီနာက VIP ရွက်ဖျင်တဲတွေဟာ ဟဂ်ျရဲ့ အနှစ်သာရကို ပျက်ပြားစေတာမို့ ပိတ်သိမ်းဖို့ အတွက် ဆော်ဒီ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။
– သဲကိုတူး၍ ဆောက်လုပ်ထားပြီး အလျား၊ အနံ ၂ မီတာစီရှိကာ အိပ်ယာနှစ်ခုနှင့် ဘီဒိုငယ် တစ်လုံးပါသည့် ယာယီတဲတစ်လုံးအတွက် လူတစ်ယောက်လျှင် တစ်ည ကန်ဒေါ်လာ ၃၅၀၀ ကျသင့်သည်။
ထိုတဲက မက္ကာမြို့အပြင်ဘက်ရှိ မီနာဆိုသော ဒေသတွင် တည်ရှိသည်။ မီနာမှာ ဆော်ဒီအာရေဗျသို့ နှစ်စဉ် လာရောက်ကြသည့် မွတ်စလင် များအတွက် အဓိကကျသည့် နေရာလည်းဖြစ်သည်။ ဟဂ်ျကာလ၏ ပထမဆုံးနေ့ဖြစ်သည့် အင်္ဂါနေ့ (စက်တင်ဘာ ၂၂ ရက်နေ့) က ကမ္ဘာပေါ်တွင် အကြီးဆုံး ယာယီတဲမြို့တော် မီနာသို့ သိန်းပေါင်းများစွာသော လူများ တစ်ဖွဲဖွဲ ၀င်ရောက်လာကြသည်။ ထိုဒေသက ဟဂ်ျ ကာလမှလွဲ၍ တစ်နှစ်ပတ်လုံး လွင်တီးခေါင်ပြင် သဲကန္တာရ ဖြစ်လေသည်။ ဟဂ်ျပြုရမည့် အချိန်တွင်တော့ သန်းချီသော မွတ်စလင်များက မီနာတွင် ညအနည်းငယ်ကို ကုန်ဆုံးကြရသည်။
မီနာရှိလူတိုင်းက စစ်သည်တော်များ ဖြစ်လာကြသည်။ ကမ္ဘာတစ်ဝှမ်းမှ ဟဂ်ျကျင့်စဉ် လာရောက်ကြသည့် မွတ်စလင်များမှာ ဇိမ်ကျသည့် ဘ၀များ၊ အဆင့်အတန်းနှင့် ယဉ်ကျေးမှု ခြားနားခြင်းများကို စွန့်လွှတ်ခဲ့ကြသူများဖြစ်သည်။
သို့သော်လည်း ဟဂ်ျပြုလုပ်မည့် ညသုံးလေးညအတွက် ၎င်းတို့တွေ့ကြုံရမည့် အခြေအနေက ငွေမည်မျှ အသုံးပြုနိုင်သလဲဆိုသည်အပေါ် မူတည်နေသည်။
ဟဂ်ျပြုရန် လာကြသူအများစုက မြေနိမ့်လွင်ပြင်ကြီးတွင် စီတန်း၍ ဆောက်ထားပြီး အလုံးပေါင်း တစ်သိန်းကျော်ရှိသည့် မီနာတဲမြို့တော်တွင် တည်းခိုနေထိုင်ကြသည်။ ထိုတဲများထဲမှ အများစုမှာ တစ်လုံးလျှင် လူပေါင်း ၅၀ စီ တည်းခိုနိုင်ကြပြီး ပုံမှန်ဈေးမှာ ဘုရားဖူးတစ်ဦးအတွက် ကန်ဒေါ်လာ ၅၀၀ သာ ကျသင့်လေသည်။
ယခုနှစ်တွင်တော့ မီနာတွင် ကန်ဒေါ်လာ ၇၀၀၀ ပေးရသည့် VIP တဲများ ပေါ်လာသည်။ ထိုတဲများကို ဆော်ဒီ စီးပွားရေးသမား စအဒ် ကူရာရှီက ပိုင်ဆိုင်ပြီး ဂျော်ဒန်ဝန်ကြီးတစ်ဦးက ငှားနေသည်။ ဈေးကြီးလွန်းသော်လည်း ထိုအခန်းက ကြယ်ငါးပွင့်ဟိုတယ်မှ အခန်းနှင့် လားလားမျှပင် မတူ။
ထိုအရာက ယခုနှစ်တွင်ရရှိနိုင်သည့် ဇိမ်ခံဟဂ်ျမျိုးဖြစ်သည်။ တစ်ချို့သော စီးပွားရေး သောင်းကျန်းသူများက လူတစ်ယောက်လျှင် ကန်ဒေါ်လာ ၁၀၀၀၀ ဖြင့် ထိုဇိမ်ခံတဲများတွင် ရေနွေးစိမ်ကန်၊ ပင်မင်းဝန်ဆောင်မှုနှင့် ၂၄ နာရီ ဘူဖေးစနစ်များထည့်သွင်းကာ တစ်ဆင့်တက်လာသည့် အချိန်တွင်တော့ ဆော်ဒီဟဂ်ျဝန်ကြီးဌာနက ဇိမ်ခံတဲနန်း စီးပွားရေး ကြီးထွားလာမှုကို ပိတ်ပင်ခဲ့လေသည်။
ထိုဇိမ်ခံတဲများက ဘုရားသခင်၏ အမိန့်ကို နာခံမှု၊ ကြံ့ကြံ့ခံခြင်းဟူသော ဟဂ်ျပြုခြင်း၏ ရည်ရွယ်ချက်များနှင့် ဆန့်ကျင်နေသည်ဟု ၀န်ကြီးဌာနက ပြောကြားခဲ့သည်။
အဆိုပါ VIP တဲများက လူ တစ်သန်းခွဲကျော် ၀င်ဆံ့စေရန် အလွန်လိုအပ်နေသည့် နေရာများကိုလည်း ပုပ်စေသည်။ မီနာ၏ အကျယ်အ၀န်းက စတုရန်း ကီလိုမီတာ ၂၀ ခန့်ရှိပြီး လူတစ်ဦးချင်းစီအတွက် စတုရန်းမီတာ ၂ မီတာအောက်သာ နေရာပေးနိုင်သည်။
ဇိမ်ခံတဲပိုင်ရှင်များက ၎င်းတို့၏ ဂုဏ်သရေရှိ ဖောက်သည်များ တောင်းဆိုသည့် လုံခြုံမှုနှင့် သီးသန့်ဖြစ်လိုမှုကို ဖြည့်ဆည်းပေးရန် တဲများအတွင်း ယာယီနံရံများ ထည့်သွင်းတည်ဆောက်ပေးခြင်းဖြင့် ၎င်းတို့၏ စီးပွားရေး ပိတ်ပင်မှုကို ကျော်လွှားရန် ကြိုးပမ်းနေကြသည်။
“ဒါဟာ အလွန်အန္တရာယ်ရှိပြီး ဆော်ဒီ ပြည်သူ့ကာကွယ်ရး စည်းမျဉ်းစည်းကမ်းတွေကို ဆန့်ကျင်နေပါတယ်။ မီးလောင်တာမျိုးဖြစ်ရင် အဲဒီနံရံတွေက မီနာဝန်းကျင်မှာ တပ်ဆင်ထားတဲ့ မီးသတ်ပိုက်တွေအတွက် အနှောက်အယှက် ဖြစ်ပါလိမ့်မယ်” ဟု တဲတစ်ခုမှ အလုပ်သမားတစ်ဦးက ပြာကြားခဲ့သည်။
၁၉၉၇ ခုနှစ်တွင် ထိုတဲများ၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ရွက်ဖျင်တဲများကို ကူးစက်ခဲ့ကာ လူ ရာပေါင်းများစွာ သေဆုံးမှုက အာဏာပိုင်များကို ခြောက်လှန့်နေဆဲ ဖြစ်သည်။ ထိုအချိန်ကတည်းက အာဏာပိုင်များမှာ ရွက်ဖျက်တဲအဟောင်းများကို တက်ဖ်လွန် ပလက်စတစ် အနားကွပ်ထားသည့် ဖိုက်ဘာဖြင့်ပြုလုပ်ထားသော တဲများဖြင့် အစားထိုးခဲ့သည်။ အဆိုပါ တဲတစ်ခုချင်းစီတွင် အပူဒဏ်ကို အာရုံခံနိုင်သော မီးသတ်ရေပိုက်ခေါင်း တစ်ခုလည်း ပါဝင်လေသည်။
မြင့်တက်လာသော ဘုရားဖူးများကို နေရာချထားပေးရန်အတွက် ထိုတဲများ၏ အနီး၊ ကျောက်တောင်များကြားတွင် အစိုးရက ပုံစံတူ တာဝါ ၆ ခုကို ဆောက်လုပ်ထားသည်။
“မီနာရဲ့ သဘာဝကို ထိန်းသိမ်းဖို့ အစိုးရက အရင်ကတည်းက ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေက ပိုပိုပြီး နည်းလာပါတယ်” ဟု ကူရာရှီက ပြောကြားခဲ့သည်။
အသက် ၄၅ နှစ်အရွယ် စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးက တစ်လုံးလျှင် ဟဂ်ျသို့ လာရောက်သည့် မွတ်စလင်မ် လူဦးရေ ၁၅၀၀ နေထိုင်နိုင်သော ထိုတာဝါများအားလုံးကို တစ်နှစ် ကန်ဒေါ်လာ ၁၆ သန်းကျော်ဖြင့် ငှားရမ်းထားပြီး၊ ဟဂ်ျကာလတွင် တစ်ဆင့် ပြန်လည် ငှားရမ်းလေသည်။ တာဝါရှိ အခန်းတစ်ခန်းလျှင် အနည်းဆုံး ကန်ဒေါ်လာ ၃၀၀၀ ကျသင့်သည်။
တစ်ချိန်က မီနာမှာ လူများနေထိုင်ပြီး ဈေးများ၊ ကော်ဖီဆိုင်များဖြင့် ပျားပန်းခတ်မျှ ရှုတ်ထွေးသည့် နေရာ တစ်ခု ဖြစ်ခဲ့သည်။ နှစ်ရာပေါင်း များစွာကြာ ဟဂ်ျသို့ လာရောက်သူများမှာ ထိုပတ်ဝန်းကျင်နှင့် မီနာတွင် နေထိုင်သူများ၏အိမ်တွင် စခန်းချခဲ့ကြသည်။
သို့သော်လည်း လွန်ခဲ့သည့် ၁၀ နှစ်အရင်က ထိုပတ်ဝန်းကျင်ကို လုံးဝ ဖယ်ရှားခဲ့ပြီး၊ တံတားများ၊ လျှောက်လမ်းများ၊ ဓာတ်ရထားများနှင့် ကျန်းမာရေး စင်တာများဖြင့် တဲမြို့တော်ဖြစ်အောင် လုပ်ခဲ့လေသည်။ ကူရာရှီ၏ အိမ်ပင်လျှင် လွန်ခဲ့သည့် ၁၅ နှစ်အရင်က ဖျက်သည့် အထဲတွင် ပါသွားခဲ့သည်။
ထိုဒေသ ဖွံ့ဖြိုးရေး၏ ရလဒ်ကြောင့် လုပ်ပိုင်ခွင့်များ ရခဲ့သော်လည်း ဈေးများ၊ ကော်ဖီဆိုင်များဖြင့် အသက်ဝင်လှသည့် ယခင်က မီနာဒေသကို သူက လွမ်းဆွတ် တမ်းတနေဆဲ ဖြစ်သည်။ ထိုသမိုင်းကတော့ လုံးဝ ပျောက်ကွယ်သွားလေပြီ။
နေအိမ် အဖျက်ခံရသည့် အချိန်တွင် ကူရာရှီ တစ်ယောက် အခြေပျက်ခဲ့ပြီဟု ခံစားခဲ့ရသည်။ သို့သော်လည်း ထိုသို့ စွန့်လွှတ် စတေးရခြင်းက လက်ခံနိုင်ဖွယ်ရာဖြစ်သည်ဟု သူက ယုံကြည်နေဆဲပင်။
“ဟဂ်ျကျင့်စဉ်ကို လာတဲ့ မွတ်စလင်မ်တွေ သက်တောင့်သက်သာ ဖြစ်ဖို့ အတွက်ပေါ့ဗျာ”
ref: aljazeera
ဘာသာပြန်- လေးမောင်
Comments