စက်တင်ဘာ ၃၀၊ ၂၀၁၅
M-Media
– အိန္ဒိယနိုင်ငံမှ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ စာသင်ကျောင်းတွင် ပြင်းထန်စွာ ဒဏ်ပေးခံရပြီးနောက် ၅ ရက်ကြာအဖျားကြီးကာ ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
နိုင်ငံအရှေ့ပိုင်း ဂျာ့ခ်ဟန်းပြည်နယ် လာတီဟာရ်ခရိုင်မှ ဘူရှူးရ်ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစိုးရ စာသင်ကျောင်းမှ ကျောင်းဆရာတစ်ဦးက ၎င်း၏ မေးခွန်းအတွက် လိုချင်သည့်အဖြေ မရသောကြောင့် စက်တင်ဘာ ၁၆ ရက်နေ့က ရူပန်တီ ကူမာရီဟု အမည်ရသည့် မိန်းကလေးငယ်အား နေပူကြဲကြဲတွင် ကြက်ဖပုံစံ ၄ နာရီကြာ ထိုင်ခိုင်း၍ အပြစ်ပေးခဲ့ခြင်းဖြစ်သည်။
ခရိုင်ပညာရေးတာဝန်ရှိသူ အက်စ်ဟော့က် ကူးမားရ်က “တော်တော် ဒေါသထွက်နေကြတဲ့ ရွာသားတွေနဲ့ ကျွန်တော် သွားတွေ့ခဲ့ပါတယ်။ ရဲတပ်ဖွဲ့နဲ့ အကြီးတန်း အစိုးရတာဝန်ရှိသူတွေကို တရားဝင်တိုင်ကြားရင်တော့ ဒီကိစ္စအတွက် ကနဦး စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
သို့သော်လည်း ခရိုင်ရဲမှူး အနွပ် ဘီရ်သာရီကမူ မိန်းကလေးငယ်၏ မိသားစုများမှ တိုင်ကြားမှု မပြုလုပ်သေးဟု ဆိုသည်။
“အသတ်ခံရဖို့ မြေးလေးကို ကျွန်မတို့ ကျောင်းလွှတ်တာမဟုတ်ပါဘူး” ဟု ကူမာရီ၏ အဘွားဖြစ်သူ မာလို မာဆိုမတ်က ပြောကြားခဲ့သည်။
လူမှုရေး တက်ကြွလှုပ်ရှားသူ ရှရာဝမ် ပက်စ်ဝမ်က မိန်းကလေးငယ်၏ မိသားစုနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထိုပြဿနာအား တိုင်ကြားရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
“နေပူပူထဲမှာ ဒီကလေးဟာ နာရီများစွာ အလှန်းခံထားရပါတယ်။ ဆရာက သူမရဲ့ ကျောကုန်းမှာ အုတ်ခဲတောင် တင်လိုက်ပါသေးတယ်။ အဲဒီနေ့ ကျောင်းကပြန်လာတဲ့အချိန်မှာ သူ တော်တော် အဖျားကြီးနေပါပြီ” ဟု ပက်စ်ဝမ်က ပြောကြားခဲ့သည်။
မိသားစုဝင်များမှာ ထိုမိန်းကလေးကို ဗိန္နောဆရာဆီသို့ ခေါ်သွားပြီး နောက်ပိုင်းတွင် လာတီဟာရ်ရှိ သာသနာပြု ဆေးရုံ၊ ထို့နောက် အစိုးရဆေးရုံများသို့ ပို့ဆောင်ခဲ့ရသည်။ သို့သော်လည်း အစိုးရဆေးရုံက ပုဂ္ဂလိကဆေးရုံတွင် ပြသရန် လမ်းညွှန်ပေးခဲ့သည်။
ငါးရက်တာ ထိုကဲ့သို့ ဆေးရုံပြောင်း၍ ပြသခဲ့ပြီးနောက် နောက်ဆုံးတွင် ပုဂ္ဂလိကဆေးရုံ၌ ပြသရန် မတတ်နိုင်သောကြောင့် မိသားစုမှာ ကူမာရီအား အိမ်သို့ပြန်ခေါ်လာခဲ့ပြီး ထို့နေမှာပင် သေဆုံးသွားခဲ့သည်။
“လာတီဟာရ်နဲ့ ရန်ချိုင်ခရိုင်တွေမှာ သူမကို ကုသခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဆေးရုံက ပုဂ္ဂလိက ဆေးရုံကို လွှဲခဲ့ပြီးနောက်ပိုင်း ကုသဖို့ ကျွန်မတို့ မဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကလေးမလေးဟာ သေဆုံးခဲ့ရပါတယ်။ အိမ်ပြန်ခေါ်လာဖို့ကလွဲလို့ ကျွန်မတို့ ဘာမှ မတတ်နိုင်ပါဘူး” ဟု ပက်စ်ဝမ်က ထပ်လောင်းပြောကြားခဲ့သည်။
ကူမာရီ၏ ဖခင်မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက ကွယ်လွန်သွားခဲ့ပြီး အဘွားဖြစ်သူနှင့် မိခင်တို့မှာ နေ့စား ကာယအလုပ်သမားအဖြစ် အသက်မွေးဝမ်းကြောင်း ပြုနေရသူများ ဖြစ်သည်။
ရူပန်တီ ကူမာရီ၏ မိသားစုဝင်များနှင့် ရွာသားများက နေပူကြဲကြဲတွင် လေးနာရီကြာ အပြစ်ပေးခဲ့သည့် ကျောင်းဆရာအား အရေးယူအပြစ်ပေးရန် တောင်းဆိုခဲ့ကြပြီး၊ ထိုကဲ့သို့ မဆောင်ရွက်ပါက စာသင်ကျောင်းကို ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။
Ref: Hindustantimes
Comments