အောက်တိုဘာ ၃၊ ၂၀၁၅
M-Media
– ဥရောပနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ ရင်ဆိုင်နေရသည့် ဒုက္ခသည်ပြဿနာကို ဖြေရှင်းရာတွင် အကူအညီဖြစ်စေရန်အတွက် မိမိတို့မှာ ဒုက္ခသည် ၃၀၀၀ ကို လာမည့် ၃ နှစ်အတွင်း လက်ခံသွားမည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ် တွန် ရာဇတ်က ပြောကြားလိုက်သည်။
စစ်ပွဲများကြောင့် တိုင်းပြည်မှ ထွက်ပြေးနေရသည့် ဆီးရီးယားပြည်သူများအတွက် မွတ်စလင်အများစုရှိရာ နိုင်ငံများမှာလည်း တစ်စိတ်တစ်ပိုင်း တာဝန်ရှိသည်ဟု ၎င်းက ဆိုသည်။
ဆီးရီးယားပြည်သူ ၄ သန်းခန့်မှာ ပြီးခဲ့သည့်လေးနှစ်အတွင်း အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ရပြီး ခက်ခဲကြမ်းတမ်းမှုများနှင့် ဆင်းရဲမွဲတေမှုများဖြင့် ရုန်းကန်နေရသည်။ မလေးရှားမှာ ဆီးရီးယားဒုက္ခသည်များအတွက် အကူအညီများကိုလည်း ယခင်က ပေးအပ်ခဲ့သည်။
“လူအများစုဟာ နှစ်အတော်ကြာ စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်။ ငတ်ပြတ်ခဲ့ရတယ်။ ပြီးတော့ ငြှင်းပမ်းနှိပ်စက် ခံခဲ့ရတယ်။ ဒါ့ကြောင့်ပဲ မလေးရှားက တာဝန်ယူလိုက်တာပါ” ဟု နာဂျစ်ဘ်က ကြာသာပတေးနေ့တွင် အကြိမ် ၇၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပြောကြားခဲ့သည်။
ထို့ပြင် ဆီးရီးယားပြည်သူများ၏ ဒုက္ခသုက္ခများကို ဖြေရှင်းရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ နည်းလမ်းအသစ်များ လိုအပ်သည်ဟုလည်း နာဂျစ်ဘ်ကဆိုသည်။
“လူမျိုး၊ ဘာသာကို ကျွန်တော်တို့ ကျော်ကြည့်တဲ့အချိန်၊ မျှော်လင့်ချက်ပျက်သုဉ်းနေတဲ့ ပြောင်းရွှေ့အခြေချသူတွေရဲ့ ပုံရိပ်တွေကို မြင်ရတဲ့အချိန်၊ အသက် ၃ နှစ်အရွယ် အေလန်ကာဒီလေးရဲ့ အလောင်း ကမ်းခြေမှာလာတင်တဲ့ သွေးပျက်ဖွယ်ဓာတ်ပုံကို မြင်ရတဲ့အချိန်တွေမှသာ ကျွန်တော်တို့ဟာ ပိုကောင်းကောင်း ဆောင်ရွက်ကြမှာပါ”
Ref: TheStar
Comments