အောက်တိုဘာ ၆၊ ၂၀၁၅
M-Media
– နောက်ဆုံးအဆင့်လူနာများ ၎င်းတို့၏ ဆန္ဒရ တရားဝင်သေဆုံးခွင့်ပေးရေး ဥပဒေကို အမေရိကန်ပြည်ထောင်စုမှ ကယ်လီဖိုးနီးယားပြည်နယ်က အတည်ပြု ပြဌာန်းလိုက်သည်ဟု သိရသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းမှာ ထိုဥပဒေကို တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်း ထိုကဲ့သို့ သေဆုံးခွင့်ကို အသိအမှတ်ပြုသည့် ပဉ္စမမြောက်ပြည်နယ် ဖြစ်လာခဲ့သည်။
ကယ်လီဖိုးနီးယားမှ ကင်ဆာနောက်ဆုံးအဆင့် ရောက်နေသည့် အမျိုးသမီး ဘရစ်တနီ မေနာ့ဒ်မှာ ၎င်းသေဆုံးခွင့်ရရန် အော်ရီဂွန်သို့ ပြောင်းရွှေ့ခဲ့မှုက ပြည်နယ်အတွင်း ထိုဥပဒေပြဌာန်းရေးအတွက် တွန်းအားဖြစ်စေခဲ့သည်။ ကုသမ၍ မရတော့သည့် လူနာများအား ၎င်းတို့၏ဆန္ဒဖြင့် သေဆုံးခွင့်ပေးရေး ဥပဒေကို ယခုနှစ်အတွင်း အမေရိကန်ရှိ အနည်းဆုံး ပြည်နယ် နှစ်ဒါဇင်ခဲ့က တင်သွင်းခဲ့သော်လည်း ဥပဒေဖြစ်လာခြင်း မရှိခဲ့ပေ။
ဘာသာရေးအုပ်စုများက ထိုဥပဒေကို ဆန့်ကျင်ပြီး မိမိအလိုဆန္ဒအရ သတ်သေခြင်းမှာ ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်သည်ဟု ပြောကြားခဲ့သည်။ ကက်သလစ်အသင်းတော်ကမူ ထိုဥပဒေကို ဗီတိုသုံး၍ ပယ်ချရေး အုပ်ချုပ်ရေးမှူး ဘရောင်းကို တိုက်တွန်းခဲ့သည်။
မသန်းစွမ်းသူများအရေး လှုပ်ရှားဆောင်ရွက်သူများကလည်း ထိုဥပဒေက နောက်ဆုံးအဆင့်ရောက်နေသော လူနာများ သေဆုံးခြင်းကိုသာ ရွေးချယ်ရန်အတွက် ဖိအားပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်ပြီး တစ်ချိန်က ဘုန်းကြီးတစ်ဦးဖြစ်ရန်ပင် ရည်ရွယ်ခဲ့ဖူးသော အုပ်ချုပ်ရေးမှူး ဘရောင်းက ထိုဥပဒေကို လက်မှတ်ထိုးရေး ဆုံးဖြတ်ချက်အတွက် သီတင်းပတ်အနည်းငယ် စဉ်းစားခဲ့ရသည်ဟု ဆိုသည်။
“နောက်ဆုံးမှာတော့ သေဆုံးကာနီး ကျွန်တော်ဖြစ်နေမယ့် မျက်နှာကို မြင်ယောင်ခဲ့ပါတယ်။ တကယ်လို့များ ကျွန်တော်ဟာ နာတာရှည် နာကျင်မှုဝေဒနာကို ခံစားနေရရင် ဘာလုပ်မိမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ဒီဥပဒေက ပေးထားတဲ့ ရွေးချယ်မှုကို စဉ်းစားနိုင်ဖို့အတွက် သက်တောင့်သက်သာရှိမှုတစ်ခု ဖြစ်မယ်လို့ ကျွန်တော် အသေအချာပြောရဲပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
ဥပဒေအရ နောက်ဆုံးအဆင့်ဝေဒနာကို ခံစားနေရသော လူနာတစ်ဦးမှာ သေဆုံးချင်ပါက အသက်ထွက်စေသည့် ဆေးဝါးကို အသုံးပြုရန်အတွက် ဆရာဝန်နှစ်ဦးက အတည်ပြုရမည်ဖြစ်ပြီး၊ ထိုဆေးဝါးကို အသုံးပြုနေစဉ်အတွင်း သက်သေ ၂ ဦး အနားတွင် ရှိရမည်ဖြစ်သည်။ လူနာမှာလည်း ရုပ်ပိုင်းဆိုင်ရာအရ ထိုဆေးဝါးအား ခံနိုင်သည့် အခြေအနေမျိုး ရှိရမည်ဖြစ်သည်။
လူနာများ မိမိဆန္ဒအလျောက် သေဆုံးခွင့်ကို ခွင့်ပြုထားသည့် အခြားပြည်နယ်များမှာ အော်ရီဂွန်၊ ၀ါရှင်တန်၊ ဗာမောင့်နှင့် မွန်တားနားပြည်နယ်တို့ ဖြစ်ကြသည်။
Ref: CNN
Comments