ကိုယ့်တိုင်းပြည်အတွက် ကျရာနေရာကနေ အုပ်တစ်ချပ်၊သဲတစ်ပွင့်အနေနဲ့ ပါဝင်ချင်တဲ့ ကမန် အမျိုးသားတိုးတက်ရေး ပါတီဒုဥက္ကဋ္ဌဦးလှတိုး
အောင်တိုဘာ ၁၉ ၊ ၂၀၁၅
M-Media
မိုးစက်တွေ့ဆုံ မေးမြန်းသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေထိုင်ရာ ဒေသတစ်ခုဖြစ်သည့် မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလောင်းတစ်ဦးဖြစ်သူ ကမန်အမျိုးသား တိုးတက်ရေးပါတီဒုဥက္ကဋ္ဌဦးလှတိုးနှင့် M-Media မှ တွေ့ဆုံမေးမြန်းထားပါသည်။
M-Media။ ။ စည်းရုံးရေးအတွက် ဘာတွေများလုပ်ဆောင်နေပြီလဲ။
ဖြေ။ ။ ဒီအပတ်ထဲမှာပဲ ပိုစတာတွေ စိုက်ထူပြီးတော့ လက်ကမ်းစာစောင်တွေ လိုက်ဝေဖို့ရှိတယ်။
M-Media။ ။ အခြားပါတီတွေထက် စည်းရုံးရေးလုပ်တာ နောက်ကျတယ်လို မထင်ဘူးလား။
ဖြေ။ ။ အန်ကယ်တို့ပါတီက တခြားပါတီတွေနဲ့ မတူဘူး။ ပါတီကလည်း သေးတယ်။ လူနည်းစုပါတီဖြစ်နေတယ်။ လူအင်အား၊ ငွေအင်အားလည်း တခြားပါတီတွေနဲ့ မတူဘူးပေါ့။ အဲဒါကြောင့် ရွေးကောက်ပွဲနီးကပ်မှပဲ လုပ်မယ်ဆိုပြီး လုပ်ဖြစ်သွားတာပါ။
ဒီမင်္ဂလာတောင်ညွှန့်က မဲဆန္ဒရှင်တွေအတွက်ရော ဘာတွေများလုပ်ဆောင်ပေးဖို့ ရှိပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ကို မဲပေးခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့က လုပ်ပေးရမှာပေါ့။ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သွားခဲ့မယ်ဆိုရင် လွှတ်တော်မှာ ဒီပြည်သူတွေရဲ့ အခက်အခဲ အကျပ်အတည်းတွေကို ဖြေရှင်းပေးရမှာပေါ့။
M-Media။ ။ မဲရဖို့ မရဖို့ အပေါ်မှာရော စိုးရိမ်စိတ်တွေ ရှိပါသလား။
ဖြေ။ ။ ကျွန်တော်တို့လဲ ဒီမြို့နယ်မှာ အတိုင်းအတာတစ်ခုထိ ရှိပါတယ်။ လက်ကမ်းစာစောင် ဝေတဲ့အခါမှာလည်း ပါတီအကြောင်းကို သေချာပြောပြပြီး စည်းရုံးသွားမှာပါ။ မဲမရဖို့အတွက်တော့ စိုးရိမ်စိတ်မရှိပါဘူး။ တိုင်းရင်းသားပါတီငယ်လေးလည်း ဖြစ်တော့ ရအောင်တော့ ကြိုးစားသွားမှာပါ။
M-Media။ ။ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ရော ဘာကြောင့် ဆုံးဖြတ်ခဲ့တာပါလဲ။
ဖြေ။ ။ မြန်မာနိုင်ငံမှာက မညီမျှမှုတွေ အများကြီးရှိနေတယ်။ ကွဲပြားမှုတွေလည်းရှိနေတယ်။ အထက်တန်းလွှာလူတစ်စုက ချမ်းသာကြွယ်ဝပြီးတော့ အောက်ခြေလူတစ်စုကတော့ အရမ်းကိုဆင်းရဲနေတယ်။ အဲ့ကိစ္စတွေက သိပ်ပြီးတော့ သဘာဝမကျဘူး။ ခုဒီမိုကရေစီနိုင်ငံ စပြီးတော့ တည်ထောင်မယ်ဆိုတဲ့အချိန်မှာ လူသားအားလုံးဟာ သူ့အခွင့်အရေးကိုသူ တန်းတူရရှိသင့်တယ်လို့ ခံယူထားတယ်။ ကိုယ့်မြို့နယ် ကျေးရွာ တိုင်းရင်းသားလူနည်းစုတွေအတွက် ဆောင်ရွက်ပေးချင်တယ်။ ဒီကနေတစ်ဆင့်တက်လာရင် ကိုယ့်တိုင်းပြည်အတွက် ကျရာနေရာကနေ အုပ်တစ်ချပ်၊သဲတစ်ပွင့်အနေနဲ့ ပါဝင်ချင်တယ်။ အဲဒါကြောင့် ဒီပါတီကိုဖွဲ့ခဲ့ခြင်းဖြစ်ပြီးတော့ အခုလိုဝင်ရောက် ယှဉ်ပြိုင်ရတာပါ။
M-Media။ ။ ဒီမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ကိုရော ဘာကြောင့်ရွေးချယ်ခဲ့တာလဲ။
ဖြေ။ ။ ကျွန်တော်ဒီမြို့နယ်မှာနေလာတာကလည်း နှစ်(၃၀) လောက်ရှိနေပြီဆိုတော့ ကိုယ်နဲ့လည်း အရမ်းကြီးမစိမ်းဘူးပေါ့။ အဲတော့ လုပ်ရကိုင်ရတာ လွယ်ကူမယ်ထင်လို့ ဒီမြို့နယ်ကိုပဲ ရွေးချယ်ခဲ့တာပါ။
M-Media။ ။ မင်္ဂလာတောင်ညွှန့် မဲဆန္ဒရှင်ပြည်သူတွေကို ဘာများပြောချင်လဲ။
ဖြေ။ ။ ကျွန်တော်တို့ပါတီကိုသာ မဲပေးခဲ့မယ်ဆိုရင် လွှတ်တော်ထဲမှာ ပြည်သူတွေအတွက် အတတ်နိုင်ဆုံး ဥပဒေဘောင်ထဲကနေ လုပ်ဆောင်ပေးသွားမှာပါ။ ပါတီငယ်တယ်ဆိုပြီးတော့လည်း အထင်သေးလို့မရပါဘူး။ သူ့အတိုင်းအတာနဲ့သူလုပ်နိုင်မှာပါ။
M-Media။ ။ ဘာများဖြည့်စွက်ပြောကြားချင်တာရှိပါသေးလဲ။
ဖြေ။ ။ ဒီနိုင်ငံကိုကောင်းစေချင်ပါတယ်။ ကွဲပြားခြားနားတာတွေ ဘာမှမရှိစေချင်တော့ဘူး။ နိုင်ငံသားအားလုံးကို တန်းတူအခွင့်အရေး ရစေချင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ပုဒ်မတွေ အဲ့ဥပဒေတွေအတိုင်းလည်း မသွားဘူး။ အဲ့လိုဥပဒေတွေက လွဲချော်နေတော့ စိတ်မချမ်းမြေ့ဖွယ်တွေ တွေ့ရတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေလဲ ငြိမ်းချမ်းမှ ဒီနိုင်ငံကကောင်းလာမှာပါ။ အောက်ခြေမှာပြောင်းလဲမှ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်မှာပါ။ အဲ့လိုဖြစ်အောင်လည်း ဆောင်ရွက်ချင်ပါတယ်။
Comments