အောက်တိုဘာ ၂၆၊ ၂၀၁၅
M-Media
– အာဖဂန်စစ်ပွဲအတွင်း ဗြိတိန်စစ်သားများမှာ အာဖဂန်ပြည်သူများအပေါ် ဆိုးရွားစွာ ဆက်ဆံခဲ့သည်ဟူသော စွပ်စွဲချက်များအတွက် ဗြိတိန်ရဲတပ်ဖွဲ့က ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အကြားတွင် ပြုလုပ်ခဲ့သည့် Herrick စစ်ဆင်ရေး၌ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသော အာဖဂန်ပြည်သူ ၁၀၀ ကျော်က မိမိတို့မှာ ဗြိတိန်စစ်သားများ၏ စော်ကားမှုများ၊ မဖွယ်မရာ ဆက်ဆံမှုများကို ခံခဲ့ရသည်ဟု တိုင်တန်းထားခြင်းဖြစ်ပြီး တော်ဝင်စစ်ဘက်ဆိုင်ရာ ရဲဌာန (RMP) က Northmoor စစ်ဆင်ရေးဖြင့် စုံစမ်းစစ်ဆေးမှုများကို ဦးဆောင် ပြုလုပ်နေခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီး ပန်နီ မောရ်ဒေါင့်ကမူ စစ်တပ်မှာ တစ်ခါတစ်ရံတွင် “အကျိုးအကြောင်း မဆီလျော်သည့် စွပ်စွဲမှုများ” ကို ရင်ဆိုင်နေရသည်ဟု ပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ ၀ဘ်ဆိုက်တွင် မောရ်ဒါင့်က ထိုကဲ့သို့ တရားရေးဆိုင်ရာ ဆောင်ရွက်မှုများမှာ စစ်တပ်၏ ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်းအတွက် မေးခွန်းထုတ်စရာ ဖြစ်လာမည်ကို စိုးရိမ်သည်ဟု ပြောကြားခဲ့သည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနမှာ အာဖဂန်စစ်ပွဲနှင့် ပတ်သက်၍ ယခင်ကလည်း ထိုကဲ့သို့ စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ နစ်နာကြေးများကို ပေါင် သန်းနှင့်ချီ၍ ပေးခဲ့ရသည်။
အာဖဂန်၌ ဗြိတိန်၏ စစ်ဆင်ရေးမှာ ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၃ နှစ်တာ ကြာမြင့်ခဲ့ကာ ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက ဗြိတိန်တပ်များအားလုံးမှာ အာဖဂန်မှ ရုပ်သိမ်းခဲ့သည်။
Ref: BBC, News.sky.
Comments