နိုဝင်ဘာ ၁၉၊ ၂၀၁၅
M-Media
– ပါကစ္စတန်နိုင်ငံတွင် ယောက်ျားကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုအရေအတွက်မှာ ယခုနှစ်အတွင်း မြင့်တက်လာပြီး ယောက်ျားလေးများမှာ မိန်းကလေးများထက်ပို၍ ပစ်မှတ်ထားခံနေရသည်ဟု အစီရင်ခံစာအသစ်အရ သိရသည်။
အဆိုပါ အစီရင်ခံစာကို ပါကစ္စတန်၌ ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာစော်ကားမှုကို တိုက်ဖျက်နေသည့် အန်ဂျီအို Sahil က ယမန်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ယခုနှစ် ပထမ ၆ လအတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် ယောက်ျားလေးအရေအတွက်မှာ ၁၇၈ ဦးရှိပြီး ပြီးခဲ့သည့်နှစ်ကထက် နှိုင်းယှဉ်ပါက ၄.၃ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် မိန်းကလေးငယ်များ၏ အရေအတွက်မှာ ၁၅၀ ရှိသည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
၆ လအတွင်း စုစုပေါင်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ အရေအတွက်မှာ ၁၅၆၅ ဦး ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ပထမ ၆ လ က ၁၇၈၆ ဦး ရှိသောကြောင့် ယခုနှစ်တွင် ကျဆင်းခဲ့ခြင်းဖြစ်သည်။ အစီရင်ခံစာအရ ပါကစ္စတန်တွင် တစ်နေ့လျှင် ကလေးငယ် ၉ ဦးမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရသည်ဟု သိရသည်။
Sahil အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မွမ်သာ့ဇ် ဂိုဟာရ်ကမူ ငယ်ရွယ်သော ယောက်ျားလေးများမှာ မကြာခဏ ပစ်မှတ်ထား ခံနေရသည်ဟု ပြောကြားခဲ့သည်။
“သူတို့လေးတွေဟာ လမ်းပေါ်မှာ ကစားကြတယ်၊ မိန်းကလေးငယ်တွေထက် အိမ်အပြင်မှာ အချိန်တော်တော်များများ ကုန်ဆုံးကြတာကြောင့် ယောက်ျားလေးတွေဟာ ဒီလိုရာဇ၀တ်မှုမျိုးကို ပိုခံစားရတာပါ” ဟု ဂိုဟာရ်က ပြောကြားခဲ့သည်။
လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွင် ပါဝင်သည့် အမျိုးသမီးအရေအတွက်လည်း ပါကစ္စတန်တွင် မြင့်တက်လာပြီး ယခုနှစ် ဇန်န၀ါရီမှ ဇွန်လအတွင်း အမျိုးသမီးများက ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအမှုမှာ ၁၀၂ မှုအထိ ရှိလာခဲ့ကာ ၂၀၁၄ ခုနှစ်ကထက် ၅ ဆ ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။
မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများအတွက် ပြစ်ဒဏ်ကို ယခုလအစောပိုင်းတွင် ပါကစ္စတန်က တိုးမြှင့်လိုက်ပြီး တစ်သက်တစ်ကျွန်း သို့မဟုတ် သေဒဏ်အထိ ကျခံစေရန် ပြောင်းလဲသတ်မှတ်ခဲ့သည်။
သို့သော်လည်း အဆိုပါဥပဒေမှာ အသက် ၁၄ နှစ်အောက် မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက်သာဖြစ်ပြီး ယောက်ျားလေးများအတွက် သက်ရောက်ခြင်းမရှိပေ။
Ref: Aljazeera
Comments