နိုဝင်ဘာ ၂၈၊ ၂၀၁၅
M-Media
– အာဖရိက ၃ နိုင်ငံ သမိုင်းဝင်ခရီးရဲ့ အစအဖြစ် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ကို နိုဝင်ဘာ ၂၅ ရက်နေ့က ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ လူမျိုးရေးနဲ့ ဘာရေးဆိုင်ရာ ပြန်လည်ရင်ကြားစေ့ရေးဆောင်ရွက်ဖို့အတွက် တိုက်တွန်းဆော်သြလိုက်ပါတယ်။
ဒီခရီးစဉ်ဟာ အာဖရိကတိုက်အတွက် ပုပ်ရဟန်းမင်းကြီးရဲ့ ပထမဆုံးခရီးစဉ် ဖြစ်ပါတယ်။ ရောက်ရောက်ခြင်းပဲ ကင်ညာနိုင်ငံသားတွေအနေနဲ့ ငြိမ်းချမ်းရေး၊ သည်းခံခွင့်လွှတ်ရေးအတွက် ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပြီး ပဋိပက္ခကို ဖြစ်ပေါ်စေတဲ့ အဓိကအချက်ဖြစ်တဲ့ ဆင်းရဲမွဲတေမှုပြဿနာကို ဖြေရှင်းဖို့လည်း သတိပေးခဲ့ပါတယ်။
“အတွေ့အကြုံတွေအရ အဲဒီအကြမ်းဖက်မှု၊ ပဋိပက္ခနဲ့ အကြမ်းဖက်ဝါဒတွေဟာ ကြောက်ရွံ့မှု၊ မယုံသင်္ကာမှုတွေကို ဖြစ်ပေါ်စေပြီး၊ ဆင်းရဲမွဲတေမှုနဲ့ စိတ်ပျက်မှုကနေ မျှော်လင့်ချက်ပျက်သုဉ်းမှုတွေကို မွေးဖွားပေးပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးက နိုင်ရိုဘီမှာ ပြောကြားခဲ့ပါတယ်။
“အဲဒီအတွက်ကြောင့် ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းအစည်းဟာ သွေးကွဲမှုတွေကို ကြုံတွေ့နေရပါတယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ ဘယ်စီးပွားရေးပဲဖြစ်ဖြစ် စိတ်ထားကောင်းမွန်တဲ့ အမျိုးသား၊ အမျိုးသမီးတွေအားလုံးဟာ ပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ခွင့်လွှတ်သည်းခံမှုနဲ့ စိတ်ဒဏ်ရဟောင်းများ ပပျောက်ရေး အတူဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်”
ကင်ညာသမ္မတ အူဟူရူ ကန်ညက်တာနဲ့ ရိုးရာ အကပညာရှင်တွေ၊ ဂီတပညာရှင်တွေဟာ နိုင်ရိုဘီလေဆိပ်ကို ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ကြိုဆိုခဲ့ကြပါတယ်။ ကင်ညာ၊ ယူဂန်ဒါ၊ မွတ်စလင်နဲ့ ခရစ်ယာန်တွေကြား တိုက်ခိုက်မှုတွေ၊ မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ ဗဟိုအာဖရိကနိုင်ငံတွေကိုသွားမယ့် ပုပ်ရဟန်းမင်းကြီးရဲ့ ဒီခရီးစဉ်ဟာ ၆ ရက်တာ ကြာမြင့်မှာဖြစ်ပါတယ်။
ကင်ညာနိုင်ငံကိုရောက်ပြီး နိုင်ငံတော်ဧည့်ဂေဟာမှာ ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ ပုပ်ရဟန်းမင်းကြီးက နောက်လာမယ့်မျိုးဆက်တွေအတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ တာဝန်ယူနိုင်စွမ်းရှိတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိအောင်ဆောင်ရွက်ဖို့လည်း ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။
Ref: Aljazeera
Comments