ဒီဇင်ဘာ ၁၀၊ ၂၀၁၅
M-Media
– “IS၊ တာလီဘန်တို့လို အုပ်စုတွေရဲ့ လုပ်ရပ်တွေအတွက် မွတ်စလင်အားလုံးကို အပြစ်တင်တာဟာ KKK ဂိုဏ်း အကြမ်းဖက်အဖွဲ့ ဒါမှမဟုတ် Westboro Baptist Church တို့လို အုပ်စုတွေရဲ့ လုပ်ရပ်တွေအတွက် ခရစ်ယာန်အားလုံးကို အပြစ်တင်သလိုပါပဲ”
ဒီစကားကိုပြောခဲ့သူကတော့ အီရတ်နိုင်ငံမှာ တာဝန်ထမ်းဆောင်စဉ် ဗုံးခွဲခံရမှုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့တဲ့ ဗြိတိန်စစ်သား ခရစ်ဟာဘာ့တ်ဖြစ်ပြီး အစ္စလာမ်ကြောက်ရောဂါနဲ့ပတ်သက်ပြီး တုန့်ပြန်ပြောဆိုလိုက်တာပါ။
ဘာဆရာမြို့မှာ ဗြိတိန်စစ်တပ်နဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဟာဘာ့တ်ဟာ ၂၀၀၇ ခုနှစ်က သူ့ရဲ့ Land Rover ကားနားမှာ ဗုံးပေါက်ကွဲမှုကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသူ ဖြစ်ပါတယ်။
သူ့ရဲ့ ရဲဘော်ရဲဘက်တစ်ဦးဟာ အဲဒီပေါက်ကွဲမှုမှာ အသက်ဆုံးရှုံးခဲ့ရပြီး အခြား ၂ ဦးဟာလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဟာဘာ့တ်တစ်ယောက် အသက် ၁၉ နှစ်အရွယ်သာရှိပါသေးတယ်။ ဟာဘာ့တ်ရဲ့ ဒီအဖြစ်အပျက်ကို အမုန်းတရားဖြန့်ချီသူတွေက ထောက်ပြပြီး သူ့ကို လူမျိုးရေးခွဲခြားသူတစ်ယောက်အဖြစ် ပုံသွင်းလာတဲ့အခါမှာ သူက လုံးဝ လက်မခံပါဘူး။
အကြမ်းဖက်ဝါဒကို အစ္စလာမ်ဘာသာက တာဝန်ယူရမယ်လို့ ပြောကြသူတွေကို သူပြန်ပြောလိုက်တာက “ကိုယ့်အကျင့်ကိုယ်ပြင်ပါ၊ မိသားစုကိုပြန်ကြည့်ပါ။ ကိုယ့်အလုပ်ကိုယ်လုပ်ပါ” ဆိုတာပါပဲ။
နောက်ပြီး သူရဲ့ခြေတစ်ဖက်ဆုံးရှုံးမှုကို အရင်းတည်ပြီး အမုန်းတရားဖြန့်ချင်တဲ့သူတွေကိုလည်း သူက ဆိုရှယ်မီဒီယာကနေ သတိပေးခဲ့ပါသေးတယ်။
“ဟုတ်တယ်။ မွတ်စလင်တစ်ယောက်က ဗုံးခွဲလို့ ကျုပ် ခြေတစ်ဖက်ဆုံးရှုံးခဲ့တယ်။ ဗြိတိန်စစ်တပ်က မွတ်စလင်စစ်သား တစ်ယောက်လည်း အဲဒီတိုက်ခိုက်မှုမှာ လက်တစ်ဖက်ဆုံးရှုံးခဲ့ရတယ်အခင်းဖြစ်တဲ့နေရာကနေ ကျုပ်ကို သယ်သွားတဲ့ ရဟတ်ယာဉ်မှာ မွတ်စလင်ဆေးမှူးတစ်ယောက်က ကျုပ်ကို ကုသပေးခဲ့ပါတယ်။ ကျုပ်အသက်ဆက်ရှင်ဖို့ မွတ်စလင်ခွဲစိတ်ဆရာဝန်တစ်ယောက်က ခွဲစိတ်ပေးခဲ့တယ်။ ယူကေကိုပြန်ရောက်ပြီး ထူထူထောင်ထောင်ဖြစ်လာဖို့ ကူညီပေးခဲ့တဲ့ အဖွဲ့မှာ မွတ်စလင်သူနာပြုတစ်ယောက် ပါတယ်။ ကျုပ်လမ်းပြန်လျှောက်ဖို့ ကြိုးစားတဲ့အချိန် နေ့စဉ်လုပ်ဖို့လိုအပ်တဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် ဆောင်ရွက်ပေးတဲ့ အဖွဲ့မှာလည်း မွတ်စလင် ကျန်းမာရေးအကူ တစ်ယောက် ပါတယ်။ အိမ်ပြန်ရောက်ပြီး အဖေနဲ့ ပထမဆုံးဘီယာသောက်ဖို့ သွားတဲ့အချိန် မွတ်စလင်တက္ကဆီသမားတစ်ယောက်က ပိုက်ဆံမယူဘဲ လိုက်ပို့ပေးခဲ့တယ်။ စားသောက်ဆိုင်တစ်ခုမှာ မွတ်စလင်ဆရာဝန်တစ်ယောက်က ကျုပ်ရဲ့ ဆေးသောက်ရမှာတွေ၊ ဘေးထွက်ဆိုးကျိုးတွေမသိတဲ့ ကျုပ်အဖေကို နှစ်သိမ့်ပြီး အကြံဥာဏ်ပေးခဲ့တယ်”
ဒါဟာ မွတ်စလင်ဆန့်ကျင်ရေးသမားတွေကို သူတုန့်ပြန်လိုက်တဲ့ စကား ဖြစ်ပါတယ်။
ကိုယ့်အလုပ်ကိုယ်လုပ်ပါ
ဟာဘာ့တ်ရဲ့ ဒီပို့စ်ဟာ အမေရိကန်က ရီပက်ဘလစ်ကန်သမ္မတလောင်းဖြစ်မယ်လို့ ရေပန်းစားနေတဲ့ ဒေါ်နယ်ထရမ့်ကို ယူကေ၀င်ခွင့်ပိတ်ပင်ဖို့ ပြည်သူတွေက တောင်းဆိုလွှာ ထုတ်ပြန်တဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
လက်ရှိအချိန်အထိ အဲဒီတောင်းဆိုလွှာကို လူပေါင်း ၄ သိန်းလောက် လက်မှတ်ရေးထိုးခဲ့ပြီး ပါလီမန်မှာဆွေးနွေးရေးအတွက် စဉ်းစားဖို့ လိုအပ်တဲ့လက်မှတ်ထက်ကို ၃ ဆ လောက် ကျော်သွားခဲ့ပါတယ်။
ထရမ့်က ဗြိတိန်ရဲတပ်ဖွဲ့ဝင်တွေဟာ ကြောက်ကြတာကြောင့် လန်ဒန်ရဲ့အစိတ်အပိုင်းတွေဟာ အစွန်းရောက်တွေရဲ့ သိမ်းသွင်းခြင်းကို ခံခဲ့ရပြီလို့ ပြောကြားခဲ့သူပါ။ ဗြိတိန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကတော့ ဒီပြောကြားမှုကို ပယ်ချခဲ့ပါတယ်။
မဲဆွဲပွဲတွေမှာ မက်ဆီကန်တွေကို မုဒိမ်းကောင်တွေ၊ လူမည်းတွေကို မျောက်တွေလို့ စကားလုံးနဲ့ရော အမူအရာနဲ့ပါ စော်ကားပြောဆိုခဲ့တဲ့ ထရမ့်ဟာ မသန်စွမ်း သတင်းထောက်တစ်ယောက်ကိုလည်း လှောင်ပြောင်ခဲ့သူပါ။ ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုအပြီးနောက်ပိုင်း သူ့ရဲ့ နောက်ဆုံးပစ်မှတ်က မွတ်စလင်တွေဖက် လှည့်လာခဲ့ပြီး အမေရိကန်က ဗလီတွေကိုစောင့်ကြည့်ဖို့၊ အမေရိကန်မွတ်စလင်တွေကို သီးသန့်စာရင်းပြုစုဖို့နဲ့ မွတ်စလင်တွေကို အမေရိကန်ထဲပေးမ၀င်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ပြောကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဟာဘာ့တ်က ထရမ့်ကို Facebook ကနေတစ်ဆင့် ဝေဖန်ပြောဆိုခဲ့ပါတယ်။
“သူက သောက်ရူးပါ။ အမေရိကန်ဖွဲ့စည်းပုံရဲ့ ပထမအကြောင်းမှာပဲ ပြည်သူတွေကို ဘာသာတရားကြောင့် ဖယ်ကျဉ်ထားခွင့်မရှိဘူးလို့ ပါပါတယ်။ တကယ်လို့ သူသမ္မတဖြစ်ရင်တောင် သူပြောတာတွေထဲက တစ်ဝက်တောင်မှ လုပ်ခွင့်ရှိမှာ မဟုတ်ပါဘူး”
အင်္ဂလန်တောင်ပိုင်း ကမ်းရိုးတမ်းမြို့ဖြစ်တဲ့ ပို့စ်မောက်မှာနေတဲ့ ဟာဘာ့တ်က အစ္စလာမ်ကြောက်အုပ်စုတစ်စုက သူ့ကို လာရောက်သိမ်းသွင်းခဲ့တာကြောင့် သူက ဒီလိုတုန့်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။
ယူကေကိုပြန်ရောက်ပြီးတဲ့နောက်ပိုင်းမှာ သူဟာ အခမ်းအနားတော်တော်များများမှာ “ဗြိတိန် လူဖြူတွေ” ရဲ့ စော်ကားမှု၊ ခွဲခြားဆက်ဆံမှုကို ခံခဲ့ရတယ်လို့လည်း ပြောခဲ့ပါတယ်။
“လူဖြူတစ်ယောက်က ဓာတ်လှေကားအရင်စီးရဖို့ ကျွန်တော့် ဘီးတပ်ကုလားထိုင်ကို အဝေးကို တွန်းပစ်ခဲ့တယ်။ IS၊ တာလီဘန်တို့လို အုပ်စုတွေရဲ့ လုပ်ရပ်တွေအတွက် မွတ်စလင်အားလုံးကို အပြစ်တင်တာဟာ KKK ဂိုဏ်း (လူဖြူအစွန်းရောက် အကြမ်းဖက်အဖွဲ့) ဒါမှမဟုတ် Westboro Baptist Church (လိင်တူချစ်သူများ၊ ဂျူးများကို ဆန့်ကျင်သည့် ခရစ်ယာန်အစွန်းရောက်အဖွဲ့) တို့လို အုပ်စုတွေရဲ့ လုပ်ရပ်တွေအတွက် ခရစ်ယာန်အားလုံးကို အပြစ်တင်သလိုပါပဲ။ ကိုယ့်အကျင့်ကိုယ်ပြင်ပါ။ မိသားစုကိုပြန်ကြည့်ပါ။ ကိုယ့်အလုပ်ကိုယ်လုပ်ကြပါ”
သူရဲ့ ဒီလိုရေးသားမှုကို လူသိန်းနဲ့ချီ ပြန်လည်မျှဝေခဲ့ကြပြီး Facebook နဲ့ Twitter စာမျက်နှာတွေမှာ ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ အလက်စ်တဲရ် ကမ်းဘဲလ်က “ထောက်ခံပါတယ် ဘရို။ မင်းက ဖနောင့်ပေါက်လိုက်တာပဲ” လို့ ရေးသားခဲ့ပါတယ်။
နောက်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ အဲလက်စ် အဲလ်ဘုန်းကတော့ “မင်းရဲ့စကားတွေက မင်း ဘယ်လိုလူလဲဆိုတာ ပဲ့တင်ထပ်လိုက်တာပါပဲ။ အမုန်းသမားတွေရဲ့ အောက်ကို ဘယ်တော့မှ မရောက်စေနဲ့ဟေ့။ သူများတွေရဲ့ မှိုင်းလည်း မမိစေနဲ့။ မင်းလို သူငယ်ချင်းတစ်ယောက်ရှိရတာ ငါ ဂုဏ်ယူတယ်ကွ” လို့ ရေးသားကာ ဟာဘာ့တ်ရဲ့ ပြောကြားမှုတွေကို ထောက်ခံခဲ့ပါတယ်။
Ref: CNN
Comments