ဒီဇင်ဘာ ၁၇၊ ၂၀၁၅
M-Media
– ပြီးခဲ့သည့် အင်္ဂါနေ့က ဆော်ဒီအာရေဗျဦးဆောင်ကာ ဖွဲ့စည်းခဲ့သည့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး မွတ်စလင် စစ်ရေးမဟာမိတ်အဖွဲ့တွင် မွတ်စလင်နိုင်ငံအားလုံး ပါဝင်ကြရန် အစ္စလာမ့်ဓမ္မပညာရေးတွင် အကြီးဆုံး အသင်းအဖွဲ့ဖြစ်သော အလ်-အဇ်ဟာရ်တက္ကသိုလ်က တိုက်တွန်းပြောကြားလိုက်သည်။
အဆိုပါ စစ်ရေးမဟာမိတ်အဖွဲ့ကို မွတ်စလင်အများစုရှိသည့် နိုင်ငံပေါင်း ၃၄ နိုင်ငံဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး IS အပါအ၀င် အကြမ်းဖက်အဖွဲ့အားလုံးကို နိုင်ငံတာအသိုင်းအ၀ိုင်းနှင့် ပူးပေါင်းကာ တိုက်ဖျက်သွားရန် ရည်ရွယ်ခြင်းဖြစ်သည်။
အီဂျစ်နိုင်ငံ ကိုင်ရိုအခြေစိုက် အလ်-အဇ်ဟာရ်တက္ကသိုလ်က ထိုကဲ့သို့ စစ်ရေးမဟာမိတ် ဖွဲ့စည်းခဲ့ခြင်းအတွက် ချီးကျူးပြောဆိုခဲ့ပြီး အကြမ်းဖက်ဝါဒ၏ မကောင်းဆိုးဝါးများကို အစ္စလာမ့်ကမ္ဘာမှ မောင်းထုတ်နိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။
“ဒါဟာ မှောင်မိုက်တဲ့အကြမ်းဖက်ဝါဒဒဏ်ကို အခြားသူတွေထက် ပိုပြီးခံစားနေရတဲ့ အစ္စလာမ်နိုင်ငံက ပြည်သူတွေရဲ့ ချက်ခြင်းလက်ငင်း တောင်းဆိုမှုပါ။ အလ်-အဇ်ဟာရ်အနေနဲ့ လူတိုင်းအပေါ်မှာ ကြောက်စရာကောင်းတဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်နေတဲ့ ဒီအကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် ဒီမဟာမိတ်အဖွဲ့မှာ ဆက်သွယ်ဖို့ အစ္စလာမ့်နိုင်ငံအားလုံးကို တိုက်တွန်းလိုက်ပါတယ်” ဟု ယမန်နေ့က ထိုတက္ကသိုလ်မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ဆော်ဒီတရားရေးဝန်ကြီး ၀ါလစ်ဒ် အလ်-ဆလ်မာနီက အဆိုပါ စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်းမှုကို ကြိုဆိုခဲ့ပြီး အကြမ်းဖက်ပုံစံအားလုံးကို မွတ်စလင်နိုင်ငံများအားလုံးက ပူးပေါင်းတိုက်ဖျက်လိုသည့် ခိုင်မာသော သန္ဓိဌာန်ကို ဖော်ပြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါ အကြမ်ဖက်အဖွဲ့များမှာ ဆော်ဒီအာရေဗျနိုင်ငံအပါအ၀င် မွတ်စလင်နိုင်ငံများကို ပစ်မှတ်ထားနေပြီး၊ အလယ်လတ်လမ်းစဉ်ကို ညွှန်ပြထားကာ ပတ်ဝန်းကျင်အား လေးစားဂုဏ်ပေးရန် သွန်သင်ထားသည့် အစ္စလာမ်သာသနာကိုလည်း မှေးမှိန်စေသည်ဟု ဆလ်မာနီက ထည့်သွင်းပြောကြားခဲ့သည်။
Ref: Arabnews
Comments