ဒီဇင်ဘာ ၂၅ ၊ ၂၀၁၅
M-Media
နှင်းဆီခင်
လူအမျိုးမျိုး စိတ်သည်လည်း အမျိုးမျိုးအထွေထွေပါလို့ ဆိုလေ့ရှိကြတယ်။ အထူးသဖြင့်တော့ မိန်းမတွေရဲ့စိတ်။ ငယ်ငယ်လေးကတည်းက အကျင့်တွေ၊ ဗီဇတွေဆိုတာ သေခါမှ ပျောက်တတ်တယ်။ ကျောက်သား ကျောက်စိုင်လို ရင်ထဲမှာ စွဲနေတတ်တာပါလို့လည်း သတ်မှတ်ကြတယ်။ ဆိုလိုတာကတော့ ပြုပြင်ဖို့ ခဲယဉ်းတယ်ဆိုတာကို ထင်ရှားစေတဲ့သဘော။
မိန်းမတစ်ယောက်ရဲ့ ပင်ကိုမွေးရာပါစိတ်ဓာတ်က နူးညံ့ပြီးသား။ သနားလွယ်တယ်၊ ယုံလွယ်တယ်။ အကြင်နာမေတ္တာဆိုတာတွေနဲ့ အချစ်ကို ဒလဟော ဖောဖောသီသီကြီး ပေးပစ်တတ်ကြတယ်။ လူတိုင်း၊ မိန်းမတိုင်းတော့ မဟုတ်ဘူးပေါ့။ များသောအားဖြင့်ကတော့ လွယ်လွယ်နဲ့ သနားတတ်တယ်လေ။ တစ်ခုရှိတာက သူများပြောတိုင်း အကြင်နာအသနားပိုပြီး စေတနာတွေ ရေစီးကမ်းပြိုမလိုက်တတ်တဲ့ မိန်းမတွေလည်း ဒုနဲ့ဒေးပါ။ ဘယ်အသေးအဖွဲ့ကိုမဆို အကြီးကြီး အသိဥာဏ်နဲ့ချင့်ပြီးယုံလေ့ရှိတယ်။ ပေးကမ်းလေ့ရှိတယ်။ ကိုယ့်ရှေ့မှာ မျက်ရည်ကျပြတိုင်း လွယ်လွယ်နဲ့ အရည်ပျော်သွားတတ်တာမျိုး မရှိဘူး။ နောက်ပြီး သူတို့ရဲ့အကျင့်စရိုက်နဲ့ ပင်ကိုသဘာဝကို ခံယူချက်တစ်ခုအပေါ် အမြဲထိန်းထားပြီး ယိမ်းယိုင်ဖို့ မစဉ်းစားသူတွေလို့ ဆိုရမလားဘဲ။ ဆိုလိုတာက တစ်စုံတစ်ယောက်ကြောင့် ကိုယ့်ရဲ့ပင်ကိုစိတ်ကို အလိုက်သင့်ပြောင်းလဲမပစ်ချင်တဲ့ မိန်းမဦးရေလည်း ရှိတန်သလောက် ရှိတယ်။ ဒါပေမယ့် များသောအားဖြင့်ကတော့ ကိုယ့်သံယောဇဉ်ကြီးတဲ့သူတွေကို အလေးထားစိတ်၊ ရိုသေလေးစားစိတ်တွေကြောင့် ပင်ကိုစရိုက်သဘာဝနဲ့ စိတ်ဓာတ်ကို ပြောင်းလဲပစ်လေ့ရှိကြတယ်။ အဲဒီအထဲမှာ အင်အားအကြီးဆုံးသော တွန်းအားတစ်ခုက အချစ်ပါလို့ ဆိုပါရစေ။
ကျွန်မကြုံဆုံဖူးတဲ့ မိန်းမသားတွေထဲမှာ ဒီလိုအကျင့်စရိုက် ပြောင်းလဲသွားတာမျိုးတွေ ထင်ထင်ရှားရှား ရှိခဲ့ဖူးပါတယ်။
ကျွန်မရဲ့ လမ်းလျှောက်ဖော် မိတ်ဆွေထဲမှာ ဂန္တဝင်တေးသံရှင်တစ်ယောက်ကို အမှတ်မထင် သိကျွမ်းရင်းနှီးခဲ့ပါတယ်။ ဆယ်ကျော်သက်ဘဝတုန်းကပေါ့။ သီချင်းစာအုပ်တွေကို မက်မက်မောမောဝယ်ပြီး မြန်မာ့အသံ (ရေဒီယိုကလွှင့်ပေးတဲ့) သီချင်းတွေကိုဖတ်ကြ၊ အလွတ်ကျက်ကြ တာမျိုးရှိကြတယ်။ အဲဒီမှာ တေးသံရှင်တွေရဲ့ ဓာတ်ပုံတွေလည်း တွဲပါတာမို့ သူငယ်ချင်းတစ်စု အလုအယက် ကြည့်ကြရဖူးတယ်။ အဲဒီကတည်းက တော်တော်လေးကို လှတယ်လို့ပြောရမယ့် တေးသံရှင်ကို အခုချိန်မှာ (ကိုယ့်အသက်နဲ့ မတိမ်းမယိမ်း) ပြန်တွေ့ပြီး ရင်းနှီးခင်မင်ခွင့်ရလို့ တော်တော်လေးဝမ်းသာကြည်နူးခဲ့ရတယ်။ သူကတော့ အခုထိလှတုန်း၊ ကျက်သရေရှိတုန်း။ အရွယ်လည်း ကျမသွားဘူးလို့ ပြောရမယ်။
တစ်နေ့လမ်းလျှောက်ရင်း သူကစပြောတယ်။ “မနှင်းဆီရေ မိန်းမတစ်ယောက်ဟာ အချစ်ကြောင့် ပြောင်းလဲသွားတယ် ဆိုတာ ဖြစ်နိုင်သလား။ အနုပညာသမားချင်းမို့ မေးကြည့်တာနော်” တဲ့။ “သိပ်ဖြစ်နိုင်တာပေါ့ မမရယ်။ ဘာလဲ မမက လက်တွေ့မို့လို့လား”
“အင်း အဲဒီလိုပဲ ပြောရမယ် ထင်တယ်”။ တကယ်တော့ မမခင်ပွန်းဆုံးပါးသွားခဲ့ပါပြီ။ ဒါပေမယ့် ကျွန်မနဲ့ဆုံတိုင်း သူတို့မိသားစု ဘဝလေးကို တသသ ပြန်ပြီးပြောနေကျ။
“ဒီလိုလေ မမက ရုံးဝန်ထမ်းတစ်ဖက်၊ အဆိုတော်က တစ်ဖက်၊ လုပ်ခဲ့တာဆိုတော့ သီချင်းတွေဆိုဖို့ ပရိသတ်ရှေ့ ထွက်ရတဲ့သူလေ။ ဒီတော့ အလှအပကို တအားကြီး ဂရုစိုက်ခဲ့တာလား”
“မမက ခုချိန်ထိ ဂရုစိုက်တုန်းပါပဲနော်” ဆိုတော့
“ဟုတ်တယ် သန့်ပြန့်သပ်ရပ်ရုံလေးပါနော်။ စိတ်လည်း ကြည်လင်အောင်လို့ပါကွယ်” တဲ့။
“မမက တီဗီမှာရော စတိတ်ရှိုးတွေမှာပါ ဆိုနေရတော့ ကိုယ့်ကိုယ်ကိုယ် သနေခဲ့တာ။ နောက်ပြီး မောင်နှမတွေထဲမှာလည်း အငယ်ဆုံး။ အမေတို့ အဖေတို့ကလည်း အချစ်ဆုံးပေါ့။ မမကြီးကဆို အမေ့ကို မီးဖိုချောင် အမြဲကူတယ်။ မမကိုတော့ ညည်းလက်သည်းလေးတွေ ကျိုးကုန်မယ်၊ ဆီပူငွေ့ဟက်မယ်နဲ့ပြောပြီး ထမင်းပွဲရှေ့ရောက် နေခဲ့ရတာ။ လက်ဆေးစားဆိုတာထက် မကဘူး။ မမတစ်ယောက်တည်း ကို ဇွန်း၊ ခက်ရင်းနဲ့ပဲ အမြဲစားခိုင်းတာ။ အမေကလည်း ငါ့သမီးလေး အသံပျက်မယ်။ ဘာမစားနဲ့ ဘာပဲစားဆိုပြီး စုံနေအောင် စီစဉ်ချက်ပြုတ်ပေးတာ။ ရှိသေးတယ်။ ရုံးရောက်လို့ ထမင်းစားချိန်မှာ ထမင်းစုစားကြတဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေက ဘာဟင်းလဲလို့မေးရင် မသိပါဘူး။ အမေ ဘာချက်ပေးလိုက်သလဲဆိုတာလို့ ဖြေနေကျ။ အင်း အဲဒီလိုနေခဲ့တဲ့ မမဟာ သူနဲ့အိမ်ထောင်ကျတော့ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့တယ်။ ”
“ဘယ်လိုပြောင်းလဲသွားတာလဲဟင်”
“သူနဲ့လက်မထပ်ခင်ကတည်းက ပြောပါတယ်။ မမက အဆိုတော်၊ သီချင်းဆိုတာပဲ အားသန်တာ။ ချက်ရေးပြုတ်ရေး လုံးဝမကျွမ်းဘူးလို့။ သူ ထက် (၈) နှစ်ကျော်ကျော်ကြီးတယ်။ တော်တော်လေးလည်းချစ်ပြီး အလိုလိုက်တယ်။ သူကဘာပြောတယ်မှတ်လဲ မနှင်းဆီ”
“ငါစင်ရိုင်းကို ဗိုက်မဖောက်ဘဲ ချက်ကျွေးရင် စာကောင်းပါတဲ့။ ကဲ အဲဒီအကြောင်း အမေ့ကို ပြန်ပြောတော့ ညည်းလူတော့တော်တော် သည်းခံရမှာ မြင်ယောင်နေတယ်တဲ့လေ။ တကယ်တမ်း အိမ်ထောင်ကျတော့ မမ အင်မတန်အမြတ်တနိုးထားခဲ့တဲ့ လက်သည်းရှည်ရှည်လေးတွေကို ဖြတ်ပစ်လိုက်တယ်။ ပြီးတော့ ကိုယ်တိုင်ချက်ပြုတ်ကျွေးဖို့ စိတ်ဆုံးဖြတ်လိုက်တယ်။ အမေတို့၊ မမကြီးတို့က အံ့သြလို့ မဆုံးဘူး။”
“အိမ်ထောင်ကျတာနဲ့ မမက သူ့တိုက်ခန်းကို ပြောင်းနေတယ်။ သူကတော့ ပြောရှာပါတယ်။ ဆိုင်မှာ ချိုင့်ဆွဲစားကြမယ်။ ဘာမှမချက်ပြုတ်မနေနဲ့တဲ့။ ဒါပေမယ့် မမရဲ့စိတ်ထဲမှာ ကိုယ်တိုင်ချက်ပြုတ်ထားတာတွေကို သူမြိန်ရေယှက်ရေစားတာကို မြင်ချင်တယ်။ အဲဒီတော့ ဖြစ်အောင်ကြိုးစားမယ်လို့ စိတ်ကူးတာကြောင့် ရုံးရောက်ရင် သူများတွေချက်လာတဲ့ ဟင်းတွေကို ချက်နည်းမေး၊ စာအုပ်နဲ့ ရေးမှတ်တာကို အပြင်းအထန်လုပ်တယ်။ အပေါင်းအသင်းတွေကလည်း တော်ကြပါပေတယ်။ ဟင်းတစ်မည် ချက်ရင် လျှို့ဝှက်ချက်လေးတွေပါ ပြောပြကြတာ ။ ကန်စွန်းရွက်သင်ပြီးရင် ဆန်ကာနဲ့ ရေဆေးတာကအစ၊ ဘယ်ညာပွတ်ပြီး ဆေးတာအပြင် ထက်အောက်မပြီးဆေးမှ သဲစင်တာကအစပေါ့ မနှင်းဆီရယ်”။
“သူက မမကို အရမ်းချီးကျူးတယ်။ ထမင်းမြိန်အောင် အမျိုးမျိုးစီမံချက်ပြုတ်ပေးတဲ့ မမကို သူတော်တော်လေး ချီးကျူးပြီး ပြောလေ့ရှိတယ်။ မှတ်မှတ်ရရ ပြောရဦးမယ် မနှင်းဆီရေ။”
“ပြောပါဦး ဘာများလဲ”
“တစ်နေ့တော့ မမကြီးလာလည်တယ်။ ရန်ကုန်မှာ ကုန်ဝယ်လာရင်း အိမ်မှာတည်းတယ်လေ။ အဲဒါ မမတစ်ယောက် တကယ့်အိမ်ရှင်မကြီဖြစ်လို့ မီးဖိုခန်းဝင်နေတာတွေ့တော့ ညီမလေးရယ် ရုံးတစ်ဖက်နဲ့ ချက်နေလိုက်တာ ပင်ပန်းတာပေါ့။ မမကြီး ရောက်တုန်းရောက်ခိုက် ချက်ပေးမယ်။ ညီမလေး သွားနားချည်ဆိုတာကို ဧည့်ခန်းမှာ သတင်းစာဖတ်နေတဲ့ မမရဲ့ယောင်္ကျားက ကြားသွားတော့ ဘာလှမ်းပြောတယ်မှတ်လဲ”
“ဘာများလဲ”
“ကျွန်တော့်မိန်းမချက်တာပဲ စားချင်တာဗျတဲ့။ ကဲ…”
မမကြီးကတော့ မကျေမနပ်နဲ့ ပွစိပွစိ လုပ်တာပေါ့။ မမကတော့ ဘာမှပင်ပန်းသလို မတွေ့ပါဘူး။ သွက်သွက်လက်လက်ကြီး ချက်ပြုတ်နေလိုက်တယ်။ မမကြီးက ကျိတ်မေးတယ်။ ညီမလေးရယ် ညီမလေး ဘာဖြစ်လို့ ဒီလောက်ကြီး မြန်မြန် ဆန်ဆန် ပြောင်းလဲသွားရတာလဲ။ အပျိုတုန်းကဆို ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေခဲ့ရတာ။ ချစ်လို့ပေါ့လို့။ ကဲဒီတော့ မနှင်းဆီ လက်ခံနိုင်ပြီလား။ အချစ်ဆိုတာ မိန်းမတစ်ယောက်ကို အပြောင်းလဲကြီး ပြောင်းလဲ ပစ်နိုင်တယ်ဆိုတာကိုလေ။
မငြင်းပါဘူး မမရယ် ဆိုတဲ့ ကျွန်မအဖြေကို မမက ကျေကျေနပ်နပ်ပြုံးရင်း ကျွန်မရဲ့ပခုံးကို ညင်ညင်သာသာလေးပုတ်လိုက်တယ်။
မမနဲ့ဆုံအပြီးမှာ အိမ်ပြန်ရောက်တော့ အမေ့အကြောင်းခေါင်းထဲပေါ်လာပြန်တယ်။ အဒေါ်ဝမ်းကွဲ တစ်ယောက် ပြောပြထားသလောက် အရတော့ အမေက မိသားစုမှာ အထွေးဆုံးသမီး၊ ပိုက်ဆံလည်း ချမ်းသာတယ်။ အိမ်အကူတွေ တလှေကြီးမို့ ဘာဆိုဘာမှ တာဝန်မယူခဲ့ရဘူး။ ပြီးတော့ အိမ်မှုကိစ္စလည်း ဘာမှမတတ်ဘူးတဲ့။ အမေနဲ့ အဖေ အိမ်ထောင်ကျတော့ အိမ်မှုကိစ္စမှန်သမျှ အဆင်ပြေအောင် ကူမယ့်သူကို တစ်ပါတည်းပဲ အဘွားက စီစဉ်ပေးလိုက်တယ်လို့ သိရတယ်။
ဒါပေမယ့် အိမ်ထောင်ကျစကတည်းကဆိုသလို အမေက အဒေါ်တို့ဆီမှာ ဟင်းချက်နည်းတွေသင်တယ်။ ပြီးတော့ အဖေ့အကြိုက်တွေ ကိုယ်တိုင်ချက်တော့တာပဲ။ ကူမယ့်သူကို ဗာရီရကိစ္စတွေပဲ ခိုင်းတယ်။ အမေဟင်းချက်ကောင်းတာတော့ မပြာနဲ့ အဖေ့သက်တမ်းတစ်လျှောက်မှာ ဆိုင်ကဝယ်စားတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။
အမေက အဖေပါးစပ်ဟရုံရှိသေး အဆင်သင့်ဖြစ်အောင် စီစဉ်ဖို့ ဝန်မလေးဘူး။ ကျွန်မတို့မိသားစုမှာ အဖေ့စိတ်ကြိုက်၊ နောက်ပြီး သားသမီးတွေအကြိုက် ချက်ရတာ။ မြိန်ရေယှက်ရေ စားကြတာကိုကြည့်ပြီး အမေကပျော်နေတတ်တာ။ အမေစားတော့ နည်းနည်းလေးမှ တကယ့်ကိုနည်းနည်းလေး။
တစ်ခါတစ်ခါပေါ့ ကျွန်မတွေးကြည့်မိတယ်။ အမေက ငါးခြောက်ဟေ့ လို့ဆိုရင် ဖုတ်ပြီးအဆင့်ထက်ကျော်ပြီး ခွံ့ကျွေးပြီးသား အဆင့်ကိုပါရောက်အောင် တာဝန်ကျေလွန်းတဲ့ မိန်းမသားမျိုးမှာ ပါမယ်ထင်တယ်။ အိမ်မှုကိစ္စ ဘာတစ်ခုမှမတတ်ခဲ့တဲ့ အမေဟာ ကျွန်မတို့မိသားစုအတွက် အရမ်းကိုကျွမ်းကျင်ပြီး သိမ်းထုတ်သေချာတဲ့ အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်ခဲ့တာောတ့ အမှန်ပါပဲ။ အဲဒီအကြောင်းကိုလည်း အဖေက သူ့ညီအစ်ကိုမောင်နှမတွေကို အားပါးတရ ဂုဏ်ပြုပြီး ပြောခဲ့တာလို့ အဒေါ်ပြန်ပြောပြတာ သိရတယ်။
အဲဒီအကြောင်းတွေကို အမေ့ကို တစ်နေ့မေးကြည့်ရာက အမေက ဘာဖြစ်လို့ ပြောင်းလဲသွားတာလဲဟင်။ အဖေ့ကို ချစ်လို့မဟုတ်လားဆိုတော့ အမေက ရှက်ရှက်နဲ့ ပြောလိုက်တယ်။
“တယ် ဒီကောင်မလေးနော် ဘာတွေလျှောက်ပြောနေတာလဲ” တဲ့။ ဒါပေမယ့် အမေ့အပြုံးကို ခုထိမြင်ယောင်နေတုန်း။ မိန်းမတစ်ယောက်ဟာ သူချစ်တဲ့သူတွေအတွက် ပြောင်းလဲသွားတတ်တယ်ဆိုတာကို စာဖတ်သူလည်း ပြုံးဖူးမှာပါနော်။
နှင်းဆီခင်
Comments