ဒီဇင်ဘာ ၂၅၊ ၂၀၁၅
M-Media
– ပိုင်ဆိုင်မှုများ၊ မတည်မြဲသော ရုပ်ဆင်းအင်္ဂါ လှပမှုများတွင် ယစ်မူးနေကြသူများအနေဖြင့် ဘ၀၏ ရေးအပါသော တန်ဖိုးများဘက်သို့ ပြန်လှည့်ကြရန် ၁.၂ ဘီလီယံသော ခရစ်ယာန်ကက်သလစ်ဘာဝင်များ၏ အကြီးအကဲ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ခရစ္စမတ်အကြိုအခမ်းအနားတွင် ပြောကြားခဲ့သည်။
ဗာတီကန်ရှိ စိန့်ပီတာ ဘုရားကျောင်းတွင် ယမန်နေ့ညပိုင်းက ပြုလုပ်သည့် ၀တ်ပြုဆုတောင်းမှု အခမ်းအနားတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ကံမကောင်းအကြောင်းမလှသူများအတွက် တည်ကြည်လေးနက်မှုနှင့် စာနာထောက်ထားမှုတို့ကို ဆောင်ကျဉ်းပေးရန် ဆော်သြခဲ့ကာ ခရစ္စမတ်အခါသမယမှာ မိမိတို့ မည်သည့်အခြေအနေသို့ ရောက်ရှိနေသည်ကို တစ်ဖန်ပြန်၍ ဆန်းစစ်ရန် အချိန်ပင်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ကောက်ရိုးပုံထဲတွင် ဖွားမြင်ခဲ့သည့် ခရစ်တော်၏ ကလေးဘ၀ ရိုးရှင်းမှုကို မိမိတို့၏ စိတ်နှလုံး၊ မိမိတို့၏ဘ၀တွင် နှလုံးသွင်းနိုင်အောင် ဆောင်ရွက်ရမည်ဟုလည်း ပုပ်ဖရန်စစ်က ဆိုသည်။
“ပျော်ပျော်နေပျော်ပျော်စားဘ၀တွေ၊ ကြွယ်ဝမှု၊ အသုံးအဖြုန်းကြီးမှု၊ ရုပ်ဆင်းအင်္ဂါတက်မက်မှု၊ အတ္တ၀ါဒတွေနဲ့သာ ယစ်မူးနေကြတဲ့ လူ့အဖွဲ့အစည်းမှာ ဒီကလေးငယ် (ခရစ်တော်) က ရိုးရိုးရှင်းရှင်း၊ မျှမျှတတ၊ တည်တည်တံ့တံ့နဲ့ နေထိုင်ပြုမူဖို့၊ တကယ်လိုအပ်တဲ့ အရာတွေကို ရှုမြင်တတ်ပြီး၊ ဆောင်ရွက်ကြဖို့ ကျွန်တော်တို့ကို တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်”
အဆိုပါ ၀တ်ပြုဆုတောင်းမှုအခမ်းအနားသို့ လူပေါင်း ၁၀၀၀၀ ခန့် တက်ရောက်ခဲ့ပြီး ပုပ်ရန်ဟန်းမင်းကြီးက တရားမျှတမှုရှိရန်အတွက်လည်း ဆော်သြတိုက်တွန်းခဲ့သည်။
“အပြစ်ရှိသူတွေကို မသနားတတ်တဲ့၊ အပြစ်တွေကနေ မရှောင်ထွက်ကြတဲ့ လောကကြီးမှာ ဘုရားသခင်ရဲ့ အလိုတော်ကို ခွဲခြားသိမြင်ဖို့၊ လိုက်နာဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ဟာ ခိုင်မာတဲ့ တရားမျှတမှုသဘောတရား လိုအပ်ပါတယ်”
ပုပ်ရဟန်မင်းကြီးအဖြစ် တာဝန်ထမ်းဆောင်မှုကာလ ၃ နှစ်သက်တမ်း ရှိလာပြီဖြစ်သည့် ဖရန်စစ်မှာ ကက်သလစ်အသင်းတော်၏ အခြေခံမူဝါဒများကို ပြောင်းလဲခြင်းမရှိသော်လည်း အသင်းတော်အနေဖြင့် ပိုမိုခွင့်လွှတ်ရန်နှင့် ဝေဖန်ဆုံးဖြတ်မှုကို လျော့ချရန် တိုက်တွန်းနေဆဲဖြစ်ပြီး၊ လိင်တူချစ်သူများနှင့် ကွာရှင်းပြီးနောက် ပြန်လည်လက်ထပ်ကြသည့် အုပ်စုများအပေါ် ပိုမို၍ စာနာအားပေးသူလည်းဖြစ်သည်။
Ref: Reuters
Comments