ဒီဇင်ဘာ ၃၁၊ ၂၀၁၅
M-Media
– အင်္ဂလန်ရှိ သမိုင်းဝင်မြို့ဖြစ်သော ကမ်းဘရစ်ခ်ျတွင် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် ဗလီဝတ်ကျောင်းတော်တစ်လုံးကို ခမ်းနားထည်ဝါစွာ ဆောက်လုပ်ရန် စီစဉ်နေသည်ဟု သိရသည်။
မြို့အတွင်း မြို့ငယ်လေးများရှိ ဗလီဝတ်ကျောင်းတော်များတွင် ၀တ်ပြုသူများ ပြည့်လျှံလာခဲ့ပြီးနောက် ယခုကဲ့သို့ ဗလီဝတ်ကျောင်းတော်သစ်လုံး တည်ဆောက်ရန်အတွက် ကမ်းဘရစ်ခ်ျမြို့ရှိ အစ္စလာမ်ဘာသာဝင်များက စီစဉ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရန်အတွက် ၂၀၀၈ ခုနှစ်တွင်ကတည်းက မြေနေရာဝယ်ထားခြင်းဖြစ်ပြီး ဗလီဝတ်ကျောင်းတော်တစ်ခုထက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သည့် အဆောက်အဦးတစ်ခု ဖြစ်လာစေရန် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေးအဖွဲ့မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
”အစ္စလာမ့်လူ့အဖွဲ့အစည်းဟာ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာတွေကို တစ်လွဲမသုံးရေးမှာ အခြေခံပါတယ်။ ဒါ့ကြောင့် ဒီကမ်းဘရစ်ခ်ျမှာ ကျွန်တော်တို့ ဗလီဝတ်ကျောင်းတော်အသစ် ဆောက်လုပ်တဲ့အခါ ဒေသတွင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားမှုအတွက် ရှေ့တန်းကနေ ပါဝင်သွားမှာဖြစ်ပြီး နောက်ဆုံးပေါ် အပူစုပ်ပိုက်တွေ၊ ထိန်းသိမ်းမှု နည်းစနစ်တွေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ အမိုးတွေကို တပ်ဆင် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဗလီဝတ်ကျောင်းတော်ရဲ့ ကာဘွန်ထုတ်လွှတ်မှုဟာ လုံးဝ ရှိမှာမဟုတ်ပါဘူး” ဟု ဗလီဝတ်ကျောင်းတော် တည်ဆောက်ရေးအဖွဲ့မှ ဥက္ကဌဖြစ်သူ အဘ်ဒူလ် ဟာကင်မ်မူရဒ်က ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့အနေဖြင့် ဥရောပတွင် ပထမဆုံး သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် ဗလီဝတ်ကျောင်းတော်ကို တည်ဆောက်ရန် ရည်ရွယ်ထားသည်ဟု ၎င်းက ဆိုပြီး မွတ်စလင်နေများအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ဝတ္တရာများကို ကျေပွန်ရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါဗလီဝတ်ကျောင်းတော်၏ ဒီဇိုင်းအား နာမည်ကျော် ဗိသုကာပညာရှင် မာ့ခ် ဘာဖီးလ်ဒ်က ရေးဆွဲပေးထားသည်။ ဘာဖီးလ်ဒ်မှာ London Eye နှင့် Kew Treetop Walkway တို့ကဲ့သော နာမည်ကျော် အဆောက်အဦးများအတွက် ဒီဇိုင်းဆွဲပေးသူလည်း ဖြစ်သည်။
”ဒီဗလီဝတ်ကျောင်းတော်ဟာ အလုံးစုံကောင်းမွန်ပြီး ရေရှည်တည်တံ့ကာ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခု ဖြစ်လာမှာပါ။ ပြီးတော့ ပတ်ဝန်းကျင်က လေးစားလောက်တဲ့ အဆောက်အဦးတစ်ခုလည်း ဖြစ်ပါလိမ့်မယ်” ဟု ဟာကင်မ် မူရဒ်က ထပ်လောင်းပြောကြားခဲ့သည်။
ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း အပန်းပြေနားနေနိုင်မည့် ပန်းခြံတစ်ခုကို ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး အဆောက်အဦး ပတ်ပတ်လည်တွင်လည်း သစ်ပင်များ၊ စက်ဘီးစီးနိုင်အသည့်လမ်းများကို ထည့်သွင်းကာ၊ မြေအောက်တွင် ကားပါကင် ပါဝင်မည်ဖြစ်သည်။
ထိုဗလီဝတ်ကျောင်းတော်အတွက် ပေါင် ၁၃ သန်း ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ၀တ်ပြုသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၀၀၀ ကို နေရာပေးနိုင်ရန်အတွက် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်သည်။ ထို့ပြင် မွတ်စလင်မဟုတ်သည့် လူ့အဖွဲ့အစည်းများပါ အသုံးပြုနိုင်သည့် စာသင်ဆောင်နှင့် အစည်းအဝေးခန်းမများလည်း အဆိုပါဗလီဝတ်ကျောင်းတော်တွင် ပါဝင်မည်ဖြစ်သည်။
“ဗလီဝတ်ကျောင်းတော်အသစ်ဟာ တကယ်ကို့ စိတ်ချမ်းမြေ့စရာနေရာလေးနဲ့ နာမ်ပိုင်းဆိုင်ရာ ငြိမ်းအေးမှုရရှိတဲ့ နေရာ ဖြစ်လာမှာပါ။ ပြီးတော့ အများပြည်သူသုံး ပို့ဆောင်ရေးစန်နဲ့ရော လမ်းလျှောက်ပြီးတော့ရော လာနိုင်တဲ့နေရာမှာ တည်ဆောက်မှာဖြစ်ပါတယ်” ဟု ဟာကင်မ်မူရဒ်က ဆိုသည်။
Ref:worldbulletin
Comments