ဇန်န၀ါရီ ၇၊ ၂၀၁၅
M-Media
– ကမ္ဘာတစ်ဝှမ်း သကြားဈေးတက်မှုနှင့်အတူ တရုတ်နိုင်ငံ၏ ၀ယ်လိုအားမြင့်မားမှုက မြန်မာ့ သကြားတင်ပို့မှုကို မြင့်တက်လာခဲ့သည်ဟု သိရသည်။
လာမည့် ၂ နှစ်အတွင်း သကြားထုတ်လုပ်မှု ကျဆင်းမည်ဟု ခန့်မှန်းထားမှုကြောင့် သကြားဈေးက တစ်ရိပ်ရိပ်တက်လာခဲ့ခြင်းဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်တွင် နေ့စဉ် သကြားတင်ဆောင်သည့် ထရပ်ကား ၁၀၀ ခန့်မှာ တရုတ်ပြည်ဘက်သို့ သွားရောက်နေသည်ဟု ကုန်သည်များက ပြောကြားခဲ့သည်။
သကြားဈေးကွက် မြင့်တက်လာမှုကြောင့် ဆန်ကုန်သည်များပင် ထိုဈေးကွက်အတွင်းသို့ ၀င်ရောက်လာမှုများပင် ရှိနေပြီး၊ စီးပွားရေးသမားများမှာ ထိုင်းနိုင်ငံမှ သကြားများကို ၀ယ်ယူ၍ တရုတ်သို့ တင်ပို့မှုလည်း ရှိနေသည်။
တရုတ်နိုင်ငံ၏ ပြည်တွင်းသကြားထုတ်လုပ်မှုမှာ ကျဆင်းလာခြင်းကြောင့် တရုတ်၏ သကြားဝယ်လိုအားမှာ တိုးတက်လာခြင်းဖြစ်သည်။
“ကုန်သည်တိုင်းဟာ တရုတ်ကို သကြားတင်ပို့ဖို့ ရောက်လာကြပါတယ်။ ဆန်ကုန်သည်တွေတောင်မှ ဒီဈေးကွက်ကို ၀င်လာကြပါတယ်။ အဆက်အသွယ်ကောင်းတဲ့ ကုန်သည်တွေဟာ သကြားတင်ပို့ခွင့်ပါမစ်တွေ ရကြပြီး ထိုင်းကနေ သကြားတင်သွင်းကာ တရုတ်ကို ပို့တဲ့အထိ လုပ်လာကြပါတယ်” ဟု မြန်မာ့သကြား၊ သကြားနှင့် ဆက်စပ်သည့် ထွက်ကုန်များဆိုင်ရာ ကုန်သည်များနှင့် ထုတ်လုပ်သူများအသင်းမှ ဒုတိယဥက္ကဌ ၀င်းဌေး၏ ပြောကြားမှုကို Myanmar Times သတင်းစာက ဖော်ပြခဲ့သည်။
သကြားတင်ပို့မှု ပါမစ်များကို မိမိကိုယ်တိုင် မရသော်လည်း ပြည်တွင်းတွင် ထုတ်လုပ်သော သကြားများကို တရုတ်သို့ ရောင်းချနေပြီး၊ ပြီးခဲ့သည့်နှစ်အတွင်း သကြားတန်ချိန် ၇၀၀ ကို တင်ပို့ပြီးဖြစ်သည်ဟု ၀င်းဌေးက ဆိုသည်။
မြန်မာနိုင်ငံ၏ နှစ်စဉ်သကြားထုတ်လုပ်မှုမှာ တန်ချိန် လေးသိန်းမှ၊ ငါးသိန်းခန့် ရှိသည်။ မကြာသေးမီနှစ်များအတွင်းက သကြားဈေးကျဆင်းမှုနှင့် ကြံစိုက်ပျိုးသည့် မြေဧကများ လျော့ကျမှုကြောင့် မြန်မာနိုင်ငံ၏ သကြားထုတ်လုပ်မှုမှာ ၂၅ မှ ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။
“ဒီဇင်ဘာလကစပြီး သကြားထုတ်လုပ်မှုစက်ရုံတွေဟာ လည်ပတ်နေကြပါပြီ” ဟု ၀င်းဌေးက ထည့်သွင်းပြောကြား ခဲ့သည်။
၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံ၏ တရုတ်သို့ သကြားတင်ပို့မှုမှာ တန်ချိန် တစ်သိန်းခန့် ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံက ဗီယက်နမ်မှ တင်သွင်းသောကြာင့် မြန်မာနိုင်ငံ၏ သကြားတင်ပို့မှုမှာ ကျဆင်းခဲ့သည်။ သို့သော်လည်း ၂၀၁၅ ခုနှစ် ဧပြီလမှစ၍ မြန်မာ့သကြား တင်ပို့မှုမှာ ပြန်လည် မြင့်တက်လာခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် တန်ချိန် နှစ်သိန်းခန့်အထိ ရှိခဲ့သည်။
Ref: Bangkok Post
Comments