ဇန်န၀ါရီ ၁၀၊ ၂၀၁၆
M-Media
– ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်း မက္ကဆီကိုက လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်ကနေ လွတ်မြောက်သွားခဲ့တဲ့ မူးယစ်ရာဇာ ဂျိုအာကွင်း အလ် ချာပို ဂူဇ်မန်ကို အာဏာပိုင်တွေက ပြန်လည်ဖမ်းမိတာဟာ ဟောလီးဝုဒ်ရုပ်ရှင်မင်းသား ရှောင်ပင်းနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးကြောင့်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ထောင်အောက်ကနေ လှိုဏ်ခေါင်းဖောက်ပြီး ရုပ်ရှင်ကားဆန်ဆန် ထွက်ပြေးသွားခဲ့တဲ့ အလ်ချာပိုဟာ လွတ်မြောက်ပြီးနောက်ပိုင်း ဆီယန်ပန်းနဲ့ အင်တာဗျူးလုပ်ခဲ့တာဖြစ်ပြီး အဲဒီအင်တာဗျူးကို စနေနေ့က Rolling Stone မှာ ထုတ်လွှင့်ခဲ့ပါတယ်။
ဒီအင်တာဗျူးမှာ အလ်ချာပိုက သူဟာ လှိုဏ်ခေါင်းအင်ဂျင်နီယာပညာရှင်တွေကို ဂျာမနီကိုလွှတ်ပြီး လေ့ကျင့်စေခဲ့ကာ နောက်ပိုင်းမှာ ၁.၅ ကီလိုမီတာရှိတဲ့ မြေအောက်လှိုဏ်ခေါင်းကို ဖောက်ခိုင်းခဲ့တာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
အင်ဂျင်နီယာတွေဟာ မြေအောက်ရေကြောရဲ့ ဘေးမှာ လှိုဏ်ခေါင်းကို အန္တရာယ်ကင်းအောင် ဘယ်လိုဖောက်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး လေ့လာခဲ့ကြတာဖြစ်ပါတယ်။
အဲဒီအင်တာဗျူးမှာ ကျေးလက်မြင်ကွင်းကို နောက်ခံပြုကာ ရောင်စုံရှပ်အင်္ကျီကိုဝတ်ပြီး ကပ်ဦးထုပ်ဆောင်းထားတဲ့ အလ်ချာပိုကိုလည်း ပြသခဲ့ပါတယ်။ ရှောင်ပင်းကတော့ ဒီအင်တာဗျူးဟာ သံတိုင်တွေရဲ့အပြင်ဘက်မှာ အလ်ချာပိုရဲ့ ပထမဆုံးအင်တာဗျူးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မူးယစ်ရာဇာ အလ်ချာပိုက သူဟာ ကမ္ဘာပေါ်မှာ ဟီးရိုးအင်း၊ စိတ်ကြွဆေးပြား၊ ကိုးကင်းနဲ့ ဆေးခြောက်တွေကို အများဆုံး ရောင်းချပေးနိုင်တဲ့သူဆိုပြီး အင်တာဗျူးမှာ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။ ပြီးတော့ သူဟာ ရေငုပ်သင်္ဘောတွေ၊ လေယာဉ်ပျံတွေ၊ ထရပ်ကားတွေ၊ သင်္ဘောတွေနဲ့ သူ့ရဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အဲဒီအင်တာဗျူးကို မက္ကဆီကိုမင်းသမီး ကိတ် ဒဲလ် ကတ်စ်တီလိုက ပွဲစားလုပ် စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ သူမဟာ ဒေသတွင်းက ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ မူးယစ်ဘုရင်မအဖြစ် သရုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
မက္ကဆီကိုအာဏာပိုင်တွေကတော့ အဲဒီအင်တာဗျူး ရုပ်သံကို ရရှိခဲ့ပြီးတဲ့နောက် စောင့်ကြည့်မှုတွေပြုလုပ်ကာ သူရဲ့ဇာတိပြည်နယ်ဖြစ်တဲ့ ဆီနာအိုလာမှာ သောကြာနေ့က ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ တစ်လတာ ထောက်လှမ်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ မက္ကဆီကိုအာဏာပိုင်တွေက မူးယစ်ရာဇာဟာ သူတို့စောင့်ကြည့်နေတဲ့ အိမ်မှာ ရှိနေတယ်ဆိုတာကို ဗုဒ္ဓဟူးနဲ့ ကြာသာပတေးနေ့တွေမှာ သိရှိခဲ့တာပါ။
သောကြာနေ့မှာတော့ မရိန်းတပ်ဖွဲ့ဝင်တွေဟာ အလ်ချာပိုဖမ်းဖို့ စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ပြီး စစ်ဆင်ရေးအတွင်းမှာ ပစ်ခတ်မှုတွေဖြစ်ကာ အလ်ချာပိုရဲ့ တပည့်ငါးယောက် သေဆုံးခဲ့ပါတယ်။ အခြား ၆ ယောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး မရိန်းတပ်သားတစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မက္ကဆီကို စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အလ်ချာပိုကတော့ ရေဆိုးမြောင်းကနေ ထွက်ပြေးလွတ်မြောက်သွားပြီး အဝေးပြေးလမ်းမှာ ကားနဲ့ထွက်ပြေးစဉ်အတွင်း ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
မက္ကဆီကိုအာဏာပိုင်တွေကတော့ မကောင်းသတင်းနဲ့ကျော်ကြားတဲ့ ဒီဘိန်းဘုရင်ကို အမေရိကန်ကို လွှဲပြောင်းပေးအပ်ဖို့ စီစဉ်နေပါတယ်။ အလ်ချာပိုဟာ မက္ကဆီကိုအကျဉ်းထောင်ကနေ ၂ ကြိမ်တိုင်တိုင် လွတ်မြောက်ခဲ့သူဖြစ်ပြီး အမေရိကန်မှာ မူးယစ်မှု၊ လူသတ်မှုတွေနဲ့ စွဲချက်တင်ခံရတော့မှာ ဖြစ်ပါတယ်။
Ref: RT
Comments