ဇန်န၀ါရီ ၁၃၊ ၂၀၁၆
M-Media
– ယမန်နေ့က အီရန်ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာမှုအတွက် ထိန်းသိမ်းထားသည့် အမေရိကန် ရေတပ်သား ၁၀ ဦးစလုံးကို ပြန်လွှတ်ပေးလိုက်ပြီဟု အီရန်နိုင်ငံက ပြောကြားလိုက်သည်။
အမေရိကန်ရေတပ်ကလည်း ၎င်းတို့၏ တပ်သားများမှာ ဘေးအန္တရာယ်ကင်းစွာဖြင့် ပြန်ရောက်ခဲ့ပြီး ထိန်းသိမ်ထားစဉ်အတွင်း မည်သည့် ထိခိုက်မှုမှ မရှိခဲ့ဟု ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့တွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ပါဝင်ပြီး ယမန်နေ့က သင်္ဘောငယ် ၂ စီးဖြင့် ပါရှန်ပင်လယ်ကွေ့သို့ ၀င်ရောက်လာစဉ် အီရန်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
အီရန် တော်လှန်ရေးအစောင့်တပ်၏ တရားဝင်ဝဘ်ဆိုက်တွင် ထိန်းသိမ်းထားသည့် အမေရိကန်စစ်သားများ အီရန် ရေတပ်စခန်းရှိ အခန်းတစ်ခုတွင် ထိုင်နေသည့်ပုံကို လွှင့်တင်ခဲ့သည်။
“အီရန်ရဲ့ရေပိုင်နက်အတွင်းကို သူတို့ဝင်ရောက်လာတာဟာ တမင်ရည်ရွယ်တာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပြီး၊ သူတို့ကလည်း တောင်ပန်ခဲ့ပြီးတဲ့နောက်ပိုင်း ထိန်းသိမ်းထားတဲ့ အမေရိကန်သင်္ဘောသားတွေကို ပါရှန်ပင်လယ်ကွေ့က နိုင်ငံတကာ ရေပိုင်နက်အတွင်းကို ပြန်လွှတ်ပေးခဲ့ပါတယ်” ဟု အစောင့်တပ်မှ ယနေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။
အမေရိကန်ရေတပ်ကမူ မိမိတို့ရေတပ်လေယာဉ်မှာ စစ်သားတစ်ချို့ကို ခေါ်ဆောင်သွားခဲ့ပြီး တစ်ချို့မှာ ၎င်းတို့၏ သင်္ဘောငယ်များကို မောင်းနှင်ကာ အမေရိကန်ရေတပ်စခန်း အခြေစိုက်ရာ ဘာရိန်းသို့ ပြန်သွားခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် ၎င်းတို့တပ်သားများ အီရန်တွင်ရောက်ရှိခြင်းအတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်မည်ဟု ပြောကြားခဲ့သည်။
အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ ဗိုလ်ချုပ် အလီ ဖာဒါဗီကမူ အမေရိကန်များမှာ ၎င်းတို့၏ သေင်္ဘောငယ်များ လမ်းကြောင်းပြစနစ် ချို့ယွင်းခဲ့ခြင်းကြောင့် အီရန်ရေပိုင်နက်အတွင်းသို့ မျောပါရောက်ရှိလာခြင်းဖြစ်သည်ဟု ယနေ့မနက်ပိုင်းတွင် ပြောကြားခဲ့သည်။
Ref: Aljazeera
Comments