ဇန်နဝါ၇ီ ၁၇၊ ၂၀၁၆
M-Media
မိုးစက်
ရန်ကုန်။ ။ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်မှာ ရှိတဲ့ နွယ်အေး စွန္နီဂျာမေဗလီကြီးသည် ရပ်ကွက်အတွင်း လူမျိုးဘာသာပေါင်းစုံတို့၏ သာရေး နာရေးတို့ကို ကူညီဆောင်ရွက်ပေးခဲ့သည်မှာ ၂၀၁၆ ခုနှစ်တွင် (၅) နှစ်တိုင် ရှိခဲ့ပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဆပ်ကော်မတီကနေ အခက်အခဲ၊ အကျပ်အတည်းပေါင်းများစွာကို ကျော်လွှားပြီးတော့ ၅ နှစ်တိုင် အောင်မြင်စွာလျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာရဲ့အဆုံးအမ၊ တမန်တော် မိုဟမ္မဒ် (ငြိမ်းချမ်းပါစေ) ရဲ့ သြဝါဒတွေအတိုင်း လူသားအကျိုးတွေကို ဆောင်ရွက်နေခြင်း ဖြစ်ပြီး အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းနေခြင်း ဖြစ်တယ်လို့ နွယ်အေး စန္နီဂျာမေဗလီကြီး၏ သာရေးနာရေး ဆပ်ကော်မတီမှ တွဲဘက်အတွင်းရေးမှုးဖြစ်သူ ကိုဇော်မင်းလတ်က သာရေးနာရေး ဆပ်ကော်မတီရဲ့ (၅) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ အခုလို ပြောဆိုခဲ့ပါတယ်။
သာရေးနာရေးဆပ်ကော်မတီရဲ့ ဆောင်ရွက်ချက်များနှင့် ပတ်သတ်ပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းကလည်း “ဒီကော်မတီဟာ စည်းစည်းလုံးလုံးနဲ့ နာရေးသာမကပဲ လူမှုရေး၊ ပညာရေးတွေကိုပါ ဆောင်ရွက်ပေးတဲ့အတွက် ကျွန်တော်အနေနဲ့ အထူးပဲ ဂုဏ်ပြုအပ်ပါတယ်။ ဘာသာတရားရဲ့ အဆုံးအမတွေကို ခံယူပြီး ဒီလိုလုပ်တာ အရမ်းကောင်းပါတယ်။” ဟု နှစ်ပတ်လည် အခမ်းအနားတွင် ဝမ်းမြောက်ကြောင်း ဆိုခဲ့ပါတယ်။
အဆိုပါ နှစ်ပတ်လည်အခမ်းအနားတွင် ရပ်ကွက်အတွင်း ပညာရေးမှာ ထူးချွန်ခဲ့ကြသည့် ကျောင်းသူ ကျောင်းသားများကို ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်း၊ ရပ်ကွက်အတွင်းမှာရှိတဲ့ နိုင်ငံတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အငြိမ်းစားယူပြီး ဖြစ်တဲ့ စစ်မှုထမ်းဟောင်းများကို ဂုဏ်ပြုလတ်မှတ်များ ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။
အစ္စလာမ်သာသာနာရေးရာ ကောင်စီဌာနချုပ်မှ ဥက္ကဌဖြစ်သူ အလ်ဟာဂ်ျ ဦးညွှန့်မောင်ရှိန်ကလည်း ဒီလို သာရေးနာရေးအလုပ်တွေကို ပြုလုပ်ခြင်းဟာ သာသနာရဲ့အဆုံးအမတွေနဲ့လည်း ကိုက်ညီမှုရှိတဲ့အပြင် ခေတ်ကာလရဲ့ လိုအပ်ချက် ကွက်လပ်တွေကိုလည်း ဖြည့်စွမ်းပေးရာ ရောက်ပြီး ကောင်းမွန်တဲ့ လုပ်ရပ်တွေကို နှလုံးသားချင်းထိတွေ့ပြီး စည်းစည်းလုံးလုံး လုပ်ဆောင်နေတဲ့အတွက် များစွာ ဂုဏ်ယူမိကြောင်း ပြောဆိုခဲ့ပါတယ်။
(၅) နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ နွယ်အေး စန္နီဂျာမေဗလီကြီး၏ သာရေးနာရေး ဆပ်ကော်မတီသည် လူမျိုးဘာသာပေါင်းစုံအတွက် ရပ်ကွက်အတွင်းမှာရှိတဲ့ နာရေးလုပ်ငန်းများသာမက ပညာရေးအတွက် ကျောင်းသား ကျောင်းသူများကို ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးဆေးပေးခန်း အခမဲ့ ဖွင့်လှစ်ပေးထားခြင်း၊ သဘာဝဘေးအန္တရယ်သင့်သည့် နေရာများကို သွားရောက်လှူဒါန်းခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။
Comments