ဇန်န၀ါရီ ၂၃၊ ၂၀၁၆
M-Media
– ယမန်နေ့က သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ လွတ်မြောက်မည့်သူများတွင် သာသနာညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် ဗြိတိန်-နယူးဇီလန်နိုင်ငံသား ဖိလစ် ဘလက်ဝုဒ်လည်း ပါဝင်သည်ဟု The Guardian သတင်းစာက ဖော်ပြခဲ့သည်။
၎င်း၏အမှုနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေသော နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘလက်ဝုဒ်မှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းတွင် ပါဝင်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အသက် ၃၃ နှစ်အရွယ် ဘလက်ဝုဒ်မှာ ရန်ကုန်မြို့ရှိ ၎င်းစီမံခန့်ခွဲနေသော အရက်ဘား၏ Facebook စာမျက်နှာတွင် Headphone တပ်ထားသော ဗုဒ္ဓရုပ်ပွားတော်၏ ပုံတော်ကို လွှင့်တင်ခဲ့ခြင်းကြောင့် သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုခံခဲ့ရကာ မြန်မာနိုင်ငံသား ၂ ဦးနှင့်အတူ ၂၀၁၅ ခုနှစ် မတ်လက ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံခဲ့ရသည်။
မိခင်ဖြစ်သူ အိန်ဂျလာကမူ လွတ်ငြိမ်းချမ်းသာခွင့်တွင် သားဖြစ်သူ ပါဝင်ခဲ့ခြင်းအတွက် ၀မ်းမြောက်မိသည်ဟု ပြောကြားခဲ့သည်။ မကြာမီ ရာထူးမှ ဖယ်ပေးရတော့မည့် သမ္မတဦးသိန်းစိန်၏ အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျဉ်းသား ၁၀၂ ဦး လွတ်မြောက်မည်ဖြစ်ပြီး၊ သေဒဏ်ကျခံနေရသည့် ၇၇ ဦးကိုလည်း တစ်သက်တစ်ကျွန်းအဖြစ် လျော့ချပေးခဲ့သည့် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားခဲ့သည်။
ဘလက်ဝုဒ်နှင့်အတူ သာသနာညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသားနှစ်ဦးမှာ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ခဲ့ခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးဟု The Guardian သတင်းစာက ထည့်သွင်းဖော်ပြခဲ့သည်။
မဘသအဖွဲ့၏ လူမျိုးရေးခွဲခြားမှုနှင့် အမုန်းစကားများ ဖြန့်ဝေမှုကို လူသိရှင်ကြားဝေဖန်မှုကြောင့် သာသနာညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ စာရေးဆရာ ဦးထင်လင်းဦးမှာ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ခဲ့ခြင်းမရှိပေ။
Ref: The Guardian
Comments