ဇန်န၀ါရီ ၂၄၊ ၂၀၁၆
M-Media
– ကော်လိုရာဒိုပြည်နယ်က မြေအောက်သိုလှောင်ရေးစခန်းတစ်ခုမှာ ထိန်းသိမ်းထားတဲ့ အမေရိကန် နျူထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းဟာ ပြုပြင်မွမ်းမံစဉ်အတွင်း နည်းပညာရှင်တစ်ဦးကြောင့် မတော်တဆထိခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ အမေရိကန် လေတပ်က မနေ့မှာ ကြေငြာလိုက်ပါတယ်။
ဒီလို အရေးကြီးတဲ့ကိစ္စတစ်ခုကို လပေါင်း ၂၀ လောက် ဖုံးကွယ်ထားပြီးနောက်မှ အမေရိကန်လေတပ်က ယခုလို ထုတ်ဖော်ကြေညာခဲ့တာဖြစ်ကာ ၂၀၁၄ မေလ ၁၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ယင်းမတော်တဆမှုနဲ့ပက်သက်ပြီး လေတပ်သားသုံးဦးကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် လူသားရဲ့မှားယွင်းမှုကြောင့်ဖြစ်ခဲ့တဲ့ ဒီထိခိုက်မှုဟာ ပြည်သူလူထုရဲ့ လုံခြုံမှုကို မထိခိုက်စေခဲ့ပါဘူးလို့ လေတပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အဲဒီမတော်တဆမှု ဖြစ်ပွားပြီးကတည်းက ထိခိုက်မှုဖြစ်ထားတဲ့ ဒုံးကျည်ကို စခန်းကနေ အပြီးဖယ်ရှားလိုက်ပါတယ်။
အဆိုပါကိစ္စနဲ့ပက်သက်ပြီး မတော်တဆမှုစုံစမ်းရေးဘုတ်အဖွဲ့က စတင်စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယခုကိစ္စဟာ အင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်လို့ ကန်လေတပ်က အသေးစိတ်အချက်အလက်ကိုမှ ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ပါဘူး။
၎င်းတို့ပြောကြားခဲ့တဲ့ သတင်းအချက်အလက်ထဲမှာ ၂၀၁၄ မေလ ၁၆ ရက် ညနေပိုင်းမှာ အပြစ်ရှာဖွေစမ်းသပ်မှု လုပ်နေစဉ်အတွင်း Minuteman 3 တိုင်းချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်ခုဟာ အလုပ်မလုပ်တော့တာ တွေ့ရတယ်လို့ ဆိုပါတယ်။ နောက်တနေ့မှာ အမည်မဖော်လိုတဲ့ (အမှားကျူးလွန်ခဲ့တဲ့ပုဂ္ဂိုလ်) အကြီးအကဲဟာ အပြစ်ရှာဖွေနေစဉ်မှာ နည်းပညာညွှန်ကြားချက်ကို မှန်ကန်စွာ မလိုက်နာတာကြောင့် ဒုံးကျည်ကို ထိခိုက်မှု ဖြစ်စေခဲ့တာပါ။
လေတပ်အဖွဲ့သားတွေနဲ့ သူတို့ရဲ့ ကြီးကြပ်သူတွေဟာ အဲဒီလုပ်ရပ်ရဲ့ အကျိုးဆက်ကို နားလည်နိုင်တဲ့ ကျွမ်းကျင်မှုအဆင့် မရှိကြပါဘူး။ အဲ့ဒါကြောင့် ပြန်လည်ပြင်ဆင်စရိတ် ဒေါ်လာ ၁.၈ သန်းလောက် ကုန်ကျခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ လေတပ်တာဝန်ရှိသူတွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အမေရိကန်ရဲ့ Minuteman ဒုံးကျည်တွေကို နျူကလီးယားကာကွယ်ရေးအစီအစဉ်အဖြစ် မြေအောက်စခန်းတွေမှာ ထိန်းသိမ်းထားပါတယ်။ အဲဒီ နျူထိပ်ဖူးတပ် ဒုံးကျည်တွေကို သိမ်းဆည်းထားတဲ့ မြေအောက်စခန်းတစ်ခုဟာ ပေ ၈၀ နက်ပြီး အချင်း ၁၂ ပေကျယ်ဝန်းပါတယ်။
Ref: RT
Comments