ဇန်န၀ါရီ ၂၄၊ ၂၀၁၆
M-Media
– မိမိအပေါ် အားကိုးတကြီး မျှော်လင့်ထားခဲ့သည့် ပရိတ်သတ်များအတွက် မိမိအနေဖြင့် ခံစားရပြီး၊ ပရိတ်သတ်များ၏ စိတ်ပျက်မှုကို နားလည်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ဆောက်သက်တမ်အသင်အား ၁ ဂိုး ဂိုမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် ယမန်နေ့ပွဲအပြီးတွင် ပြောကြားလိုက်သည်။
အိုးထရက်ဖို့ဒ်တွင် ကစားခဲ့သည့် အဆိုပါပွဲတွင် ချာလီအော်စတင်၏ ၈၇ မိနစ်ဂိုးဖြင့် ဆောက်သက်တမ်က အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ပွဲအပြီးတွင် ပရိတ်သတ်များက ဗန်ဂါးလ်းကိုရည်ညွှန်း၍ “နှုတ်ဆက်သည်” ဟူသော စာတမ်းများကို ကိုင်ဆောင်ဝှေ့ယမ်းခဲ့ကာ၊ အချို့ကလည်း ဗန်ဂါးလ်၏ စွမ်းဆောင်ရည်ကို မနှစ်မြို့သည့်အတွက် လက်မများကို အောက်ဆိုက်ကာ ထောင်ပြခဲ့ကြသည်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဗန်ဂါးလ်က ပရိတ်သတ်များ၏ စိတ်ပျက်မှုကို နားလည်သည်ဟု ဆိုကာ ယခုပွဲမှာ မန်ယူအသင်းအား ၎င်းကိုယ်တွယ်သည့် အချိန်တစ်လျှောက် အဆိုးဆုံး စွမ်းဆောင်ရည်ထဲမှတစ်ခုလားဟု မေးမြန်းရာဗန်ဂါးလ်က
“ဟုတ်ပါတယ်။ သိပ်ကိုထင်ရှားနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ (ပရိတ်သတ်တွေရဲ့ ခံစားချက်တွေကို) ကျွန်တော်တွေးကြည့်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း တော်တော်မကောင်းတဲ့ပွဲကို ကြည့်ခဲ့ရတာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် မိမိမှာ အသင်းပရိတ်သတ်များ၏ ခံစားချက်ကို မပြောင်းလဲနိုင်ဘဲ မိမိလုပ်နိုင်သည့်အလုပ်မှာ အသင်းပိုမိုကောင်းမွန်ရန်အတွက် ကစားသမားများနှင့်အတူ ကြိုးပမ်းအားထုတ်ရန်ဖြစ်ပြီး၊ ထိုကိစ္စကိုလည်း ဆောင်ရွက်နေကြောင်း၊ ရလဒ်အတွက် မိမိကိုယ်တိုင်လည်း စိတ်ပျက်မိပြီး ထိုဆိုးရွားမှုကို ပြောင်လဲရန် မည်သို့ဆောင်ရွက်ရမည်ကို သိရှိကြောင်း ဗန်ဂါးလ်က ထပ်လောင်းပြောကြားခဲ့သည်။
Ref: Goal
Comments