ဇန်န၀ါရီ ၂၈၊ ၂၀၁၆
M-Media
– နိုင်ငံအတွင်းက ပြည်သူလူထုတွေထဲမှာ ဇီကာဗိုင်းရပ်စ်ပျံ့နှံ့မှု လျှော့ချဖို့အတွက် ဆောင်ရွက်ချက်တွေကို လုပ်ဆောင်သွားတော့မယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာန (MOH) နဲ့ အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန (NEA) တို့က ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဒေသအတွင်း ဇီကာဗိုင်းရပ်စ်ပိုး ရောက်နေတာ၊ ကမ္ဘာလှည့်ခရီးသွားတွေလာရောက်မှု၊ စင်ကာပူနိုင်ငံသားတွေ ခရီးသွားလာမှုတွေရှိနေတာ စတာတွေကြောင့် “ဇီကာဗိုင်းရပ်စ် စင်ကာပူထဲရောက်လာမယ့် အချိန်ကို ဘယ်လိုမှ ရှောင်လွှဲလို့ရမှာ မဟုတ်ပါဘူး” လို့ စင်ကာပူအာဏာပိုင်တွေက ဆိုပါတယ်။
ထိုင်ဝမ်ကလည်း ထိုင်းဘက်ကနေ ဇီကာဗိုင်းရပ်စ်ပိုး ၀င်ရောက်မှုတွေရှိခဲ့တယ်လို့ ဇန်န၀ါရီ ၁၉ ရက်နေ့က သတင်း ထုတ်ပြန်ထားပြီး ဇီကာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုဖြစ်ပေါ်နေတဲ့ တိုင်းပြည်တွေကတော့ ဘရာဇီးလ်၊ ကိပ်ဗာဒီ၊ ကိုလံဘီယာ၊ အယ်ဆာဗေဒိုး၊ ဟွန်ဒူးရပ်စ်၊ မာတီနစ်၊ ပနားမားနဲ့ ဆူရီနမ်နိုင်ငံတို့ ပါဝင်ပါတယ်။
ဇီကာဗိုင်းရပ်စ်အန္တရာယ်ကာကွယ်ဖို့ စင်ကာပူအာဏာပိုင်တွေက ထုတ်ပြန်မယ့် သတ်မှတ်ချက်တွေထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်နေတဲ့ နိုင်ငံတွေကို ခရီးသွားလာသူများအနေနဲ့ အကျီ၊ ဘောင်းဘီအရှည်များ ၀တ်ဆင်ဖို့၊ ခြင်ပြေးဆေးတွေကို ကိုယ်မှာလိမ်းကျုံဖို့၊ ခြင်ထောင်များအသုံးပြု အိပ်စက်ဖို့၊ ခြင်မ၀င်အောင် ခြင်လုံဇကာများတပ်ဆင်ဖို့၊ ခြင်ကိုက်ခံရခြင်းမှ ကာကွယ်နိုင်ဖို့ အကြံပြုချက်တွေ ပါဝင်မှာဖြစ်ပါတယ်။ ကျန်းမာရေးအကြံပြုချက် ပိုစတာများကို ပြင်ပမှရောက်လာမယ့် ခရီးသည်တွေအတွက် လေဆိပ်များတွင် ကပ်ထားမှာဖြစ်ပါတယ်။
ရောဂါပိုးပြန့်နှံ့နေတဲ့နိုင်ငံတွေက ပြန်လာတဲ့သူတွေအနေနဲ့ ၁၄ ရက်အတွင်း ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ လက္ခဏာတွေ တွေ့တဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ အကြံပေးတာလည်း ဒီဆောင်ရွက်ချက်မှာ ပါဝင်မှာဖြစ်ပါတယ်။ နောက်ပြီး ဇီကာဗိုင်းရပ်စ်ပိုး သယ်ဆောင်နိုင်တဲ့ ခြင်အမျိုးအစားကို ထိန်းချုပ်နှိမ်နင်းတာတွေကိုလည်း စင်ကာပူက လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
MOH ကတော့ ဇီကာဗိုင်းရပ်စ်ပိုးကူးစက်မှုကို ကူးစက်ရောဂါအက်ဥပဒေအောက်မှာရှိတဲ့ သတိထားရမယ့် ကူးစက်ရောဂါများစာရင်းမှာ ထည့်သွင်းသွားမယ်လို့ဆိုပါတယ်။ ဆရာဝန်တွေအနေနဲ့ ဖြစ်လာနိုင်တဲ့ ကူးစက်မှုတွေကို သတိရှိဖို့အတွက် MOH ဟာ ဆေးဘက်ဆိုင်ရာနယ်ပယ်တွင်လည်း ဇီကာဗိုင်းရပ်စ်ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
Ref : Channelnewsasia
Comments