ဖေဖော်ဝါရီ ၆၊ ၂၀၁၆
M-Media
– ဘုရားကျောင်း အမှုဆောင်ကော်မတီအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မွတ်စလင် လူငယ်တစ်ဦး သေဆုံးမှုအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှ ဟိန္ဒူဘုရားကျောင်းတစ်ခုက ၎င်းတို့၏ ဆုတောင်းပူဇော်မှုအချို့ကို လျှော့ချခြင်း၊ ရပ်ဆိုင်းခြင်းတို့ ပြုလုပ်ခဲ့မည်ဟု သိရသည်။
သေဆုံးသွားသူ မွတ်စလင်အမျိုးသားမှာ အသက် ၂၃ နှစ်အရွယ် အမ် ဗီ ရှာဘီးရ်ဆိုသူဖြစ်ပြီး အက်တင်ဂဲလ်မြို့အနီး ပူသီနန်ဒါဒေသရှိ ရှီးဗား ဘုရားကျောင်း၏ ပွဲတော်ကျင်းပရေးက်ေမတီမှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ရှာဘီးရ်မှာ ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် ဟိန္ဒူဘုရားပွဲအတွင်း ဆင်တစ်ကောင် ထွက်ပြေးသည့်ကိစ္စနှင့် ပတ်သက်၍ လူ ၄ ယောက်နှင့် စကားများကာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရိုက်နှက် သတ်ဖြတ်ခံရခြင်းဖြစ်သည်။
အဆိုပါ ရှီးဗားဘုရားကျောင်းမှာ တနင်္လာနေ့မှစတင်ကာ ၅ ရက်ကြာ ပူဇော်မှုကို ပြုလုပ်မည်ဖြစ်ပြီး တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် မနက်ပိုင်း ပူဇော်မှုအပြီး ပြုလုပ်နေကြဖြစ်သော ခရုသင်းတီးမှုတ်မှု၊ ခေါင်းလောင်းထိုးမှုများကို ရှာဘီးရ်အား လေးစားသည့်အနေဖြင့် မပြုလုပ်ရန် ဘုရားကျောင်းဂေါပကအဖွဲ့က ဆုံးဖြတ်ခဲ့သည်။
“ဒါဟာ ဘာသာတရားအလွန်က မိဆွေသံယောဇဉ်ပါ။ ဘုရားကျောင်းကော်မတီထဲမှာ ကျွန်တော်တို့ဟာ ရှာဘီးရ်ကို ဘာသာခြားတစ်ယောက်လို့ သဘောမထားခဲ့ပါဘူး။ ကော်မတီမှာ သူဟာ အတက်ကြွဆုံး ဖြစ်ပါတယ်” ဟု ဘုရားကျောင်း အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ အန် အွန်နီက ပြောကြားခဲ့သည်။
ရှာဘီးရ် ကွယ်လွန်ခြင်း ၀မ်းနည်းမှုအထိမ်းအမှတ်အဖြစ် ဘုရားကျောင်းမှာ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စတင်မည့် စတုဒီသာကျွေးပွဲနှင့် ၁၀ ရက်ကြာ စီတန်းလှည့်လည်ပွဲကိုလည်း ပယ်ဖျက်ခဲ့ကြသည်။
“ရှာဘီးရ်ဟာ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို နှစ်သက်ပြီး စိတ်နှလုံးဖြူစင်စွာနဲ့ ပါဝင်ဆောင်ရွက်ပေးတဲ့ ဘာသာရေးကိုင်းရှိုင်းသူ မွတ်စလင်တစ်ဦးပါပဲ။ သူ့ကို ကျွန်တော်တို့ထဲက တစ်ယောက်လို့ပဲ ကျွန်တော်တို့က သတ်မှတ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်အရင်လောက်တည်းက ဘုရားကျောင်းကော်မတီမှာ သူ့ကို ထည့်သွင်းထားတာပါ” ဟု ဘုရားကျောင်း ကော်မတီမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးဖြစ်သူ စီ ဂူရီ ချန်ဒရာက ပြောကြားခဲ့သည်။
ရှာဘီးရ်မှာ ၎င်း၏ မိခင်နှင့် ညီမနှစ်ယောက်ကို ပြုစုစောင့်ရှောက်နေပြီး ဖခင်မရှိတော့သည့်နောက် မိသားစုတာဝန်ကို ကျေပွန်နိုင်ရန်အတွက် တက္ကသိုလ်မှထွက်ကာ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်ခဲ့ရသည်ဟု အိမ်နီးချင်းများက ဆိုသည်။
Ref: India express
Comments