ဖေဖော်ဝါရီ ၈၊ ၂၀၁၆
M-Media
– သြစတေးလျကို လေးရက်တာ အလည်အပတ်သွားရောက်ခဲ့တဲ့ အိုအိုင်စီအတွင်းရေးမှူးချုပ် အီယဒ် အေမင် မဒနီဟာ သြစတေးလျအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး နိုင်ငံအတွင်းက မွတ်စလင်လူ့အဖွဲ့အစည်းအရေး ဆွေးနွေးခဲ့ကြပါတယ်။
နောက်ဆုံးနေ့ဖြစ်တဲ့ ယမန်နေ့မှာ နယူးဆောက်သ်ဝေးပြည်နယ် အုပ်ချုပ်ရေးမှူး ဒေးဗစ်ဟာလီနဲ့ ဆစ်ဒနီ အစိုးရအိမ်တော်မှာ မဒနီက တွေ့ဆုံခဲ့တာဖြစ်ပြီး အရှေ့အလယ်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ အရေးကိစ္စတွေ၊ ပြီးတော့ သူတို့အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနေလဲ ဆိုတာနဲ့ပက်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
ဟာလီကတော့ လူ့အဖွဲ့အစည်းအားလုံးဟာ လေးစားခံရမှာဖြစ်ပြီး၊ ကိုယ်ပိုင်အမှတ်သညာကို ထိန်းသိမ်းပိုင်ခွင့်ရှိမှာဖြစ်ကာ ယဉ်ကျေးမှုပေါင်းစုံရှိတဲ့ မိမိတို့လူ့အဖွဲ့အစည်းမှာ ပါဝင်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မဒနီကလည်း ဘယ်လိုနိုင်ငံသားမဆို နိုင်ငံအတွက် မျိုးချစ်စိတ်ရှိရမည့်အကြောင်း၊ တစ်ချိန်တည်းမှာပဲ အခြားသူတွေရဲ့အခွင့်အရေးကိုလည်း လေးစားတန်ဖိုးထားရမည့်အကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။
အခြေကျဖို့ လိုအပ်နေတဲ့ ဒုက္ခသည် ၁၂,၀၀၀ ကိုလည်း လက်ခံသွားမှာဖြစ်တယ်လို့ သြစတေးလျက ကြေငြာခဲ့ပြီး မဒနီကတော့ အဲဒီအစီအစဉ်ကို ကြိုဆိုကာ အိုအိုင်စီအနေနဲ့လည်း တစ်ဖက်တစ်လမ်းက ကူညီသွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
မဒနီက သြစတေးလျ နိုင်ငံတော်မွဖ်သီချုပ် ဒေါက်တာ အီဘရာဟင် အဘူ မိုဟာမက်၊ သြစတေးလျရှေ့ဆောင်အီမာမ်များဥက္ကဌ ရှိခ် ရှာဒီ အလ်ဆူလိုင်မန်၊ အခြားမွတ်စလင်ခေါင်းဆောင်များနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
သြစတေးလျ မွတ်စလင်ခေါင်းဆောင်တွေကတော့ နိုင်ငံအတွင်းမှာ မွတ်စလင်တွေအတွက် အခြေအနေကောင်းတွေရှိတဲ့အကြောင်း သို့သော်လည်း လူမှုကွန်ရက်မှဖြစ်စေ တိုက်ရိုက်ဖြစ်စေ အစွန်းရောက်အတွေးအခေါ်တွေ လူငယ်တွေကြားမှာ လွှမ်းမိုးသွားမှာ စိုးရိမ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
မဒနီကလည်း ထိုကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးအကြံပေးမှုတွေ ပြုလုပ်ခဲ့ပြီး အစွန်းရောက်တွေရဲ့ ၀ါဒဖြန့်မှုတွေအတွက် တန်ပြန်ချေပဖို့ OIC က တည်ထောင်ထားတဲ့ သတင်းအချက်အလက်ဌာနရှိတဲ့အကြောင်း အသိပေးပြောကြားခဲ့ပါတယ်။
Ref: IINA
Comments