ဖေဖော်ဝါရီ ၇၊ ၂၀၁၆
M-Media
– ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်၊ အနောက်ဘက်ကမ်းရိုးတန်းနဲ့ ဂျော်ဒန်နိုင်ငံတို့မှာ အကူအညီပေးရေးစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့အတွက် ကုလသမဂ္ဂအရေးပေါ်လုပ်ငန်းများဆိုင်ရာ အေဂျင်စီ UNRWA ကို ကြာသာပတေးနေ့မှာ ဆော်ဒီအာရေဗျက ကန်ဒေါ်လာ ၅၉ သန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီလှူဒါန်းမှုကို ဆော်ဒီ ဖွံ့ဖြိုးရေးရံပုံငွေအဖွဲ့ SFD ဒုဥက္ကဌနဲ့ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ယူဆက်ဖ် အလ်-ဘက်ဆမ်နဲ့ UNRWA မဟာမင်းကြီး ပီယာရီ ခရန်ဘူလ်တို့ လန်ဒန်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက် ၃ ရပ်ကနေတစ်ဆင့် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“UNRWA ဆိုတာ ပါလက်စတိုင်းဒုက္ခသည်တွေအတွက် အခြေခံလိုအပ်ချက်တွေနဲ့ လူမှုရေးကူညီမှုတွေကို ထောက်ပံ့တဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဆော်ဒီ ဖွံ့ဖြိုးရေးရံပုံငွေအဖွဲ့ကနေတစ်ဆင့် ပါလက်စတိုင်းပြည်သူတွေအတွက် ကဏ္ဍအားလုံးမှာ ဆော်ဒီအစိုးရက ထောက်ပံ့သွားမှာ ဖြစ်ပါတယ်” လို့ အလ်-ဘက်ဆမ်က ပြောကြားခဲ့ပါတယ်။
ဒေါ်လာ ၄၃.၅ သန်းဖိုးရှိတဲ့ ပထမ သဘောတူညီချက်အရ ဂါဇာမှာလုပ်နေတဲ့ စီမံကိန်းတွေကို ပံ့ပိုးပေးသွားမှာဖြစ်ပြီး၂၀၁၄ ခုနှစ် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အိမ်တွေဆုံးရှုံးခဲ့တဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ အဆောက်အဦး ၇၅၀၀ ကျော်အပါအ၀င် UNRWA ရဲ့ စာသင်ကျောင်း သုံးကျောင်းကို ထိန်းသိမ်းပြုပြင်ဖို့ ဖြစ်ပါတယ်။
ဒုတိယသဘောတူညီချက်က ဒေါ်လာ ၈ သန်း တန်ဖိုးရှိပြီး UNRWA ကျောင်း ၉ ကျောင်း ထိန်းသိမ်းပြုပြင်ဖို့နဲ့ ဂျော်ဒန်မှာ ကျန်းမာရေးစင်တာ ၁၀ခု တည်ဆောက်ရာမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ တတိယ သဘောတူညီချက်ကတော့ ဒေါ် ၇.၅ သန်းကို အနောက်ဘက်ကမ်းမှာရှိတဲ့ ကျန်းမာရေးစင်တာသုံးခု ပြန်လည်တည်ဆောက်ဖို့၊ ပြင်ဆင်မွမ်းမံဖို့နဲ့စက်ကိရိယာများတပ်ဆင်တဲ့နေရာမှာ အသုံးပြုသွားဖို့ ဖြစ်ပါတယ်။
ဆော်ဒီအာရေဗျဟာ အခုအချိန်အထိ UNRWA ကို ဒေါ်လာသန်း ၅၀၀ ကျော် ပေးလှူခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ဆော်ဒီဟာ UNRWA ရဲ့ တတိယအကြီးဆုံးအလှူရှင် ဖြစ်လာပါတယ်။
AG/IINA
Comments