ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
M-Media
– ယနေ့မနက်ပိုင်းက စပိန်ဘုရင့်ဖလား ဆီးမီးဖိုင်နယ် ဒုတိယအကျော့ကို ပရိတ်သတ်များက သပိတ်မှောက်ခဲ့ကြသော်လည်း လာမည့်တစ်ပတ်တွင် ၎င်းတို့မှာ ကွင်းထဲသို့ ပြန်လာမည်ဟု ယုံကြည်ကြောင်း ဗလင်စီယာနည်းပြ ဂယ်ရီနဗီးလ်က ပြောကြားလိုက်သည်။
မန်ယူနောက်ခံလူဟောင်းနဗီးလ် ကိုယ်တွယ်ပြီးနောက်ပိုင်း ခြေစွမ်းကျဆင်းခဲ့သည့် ဗလင်စီယာမှာ ပထမအကျော့တွင် ဘာစီလိုနာအား ၇ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ထိုရှုံးနိမ့်မှုကို မကျေနပ်သောကြောင့် ပရိတ်သတ်များက ဒုတိယအကျော့တွင် လာရောက်အားပေးခြင်းမပြုဘဲ သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်သည်။
ထိုပွဲတွင် အဓိက ကစားသမား အများအပြားကို အနားပေးထားသည့် ဘာစီလိုနာအသင်းအား ဗလင်စီယာက ဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း ပွဲပြီးကာနီးတွင် ဘာစီလိုနာက ချေပဂိုး သွင်းယူခဲ့သောကြာင့် ၁ ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။ ထို့ကြောင့် ၂ ပွဲပေါင်း ၈ ဂိုး ၁ ဂိုးဖြင့် ဘာစီလိုနာက နောက်တစ်ဆင့် တက်ရောက်သွားခဲ့သည်။
“ကျွန်တော်တို့ကို အားပေးဖို့ ထွက်ပေါ်လာတဲ့ ပရိတ်သတ်တွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ မလာချင်တဲ့သူတွေကလည်း သူတို့ရဲ့အခွင့်အရေးပါပဲ။ စနေနေ့ ဒီမက်စ်တဲလားကွင်းမှာ လူပြည့်နေမှာဖြစ်ပြီး စိတ်လှုပ်ရှားစရာ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာမှာပါ။ ပရိတ်သတ်တွေကို အားလုံးထက်ပိုပြီး လိုအပ်ပါတယ်” ဟု နဗီးလ်က ပြောကြားခဲ့သည်။
Ref: Goal
Comments