ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆
– ယမန်နှစ်က ဖြူပွင့်မိသားစုမှ ငှားရမ်းခေါ်ယူထားသော အသက် ၁၁ နှစ်အရွယ် အိမ်တွင်းသန့်ရှင်းရေးအလုပ်သမတစ်ဦးသည် ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်ရှိ သူမ၏နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် လိင်ပိုင်းဆိုင်ရာမတရားပြုကျင့်ခံခဲ့ရသည်။
စော်ကားသူအမျိုးသားမှာ ၎င်းပြစ်မှုဖြင့် အဖမ်းခံခဲ့ရပြီး၊ ကျူးလွန်သူသည် တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် ရန်ကုန်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများနှင့် ရှေ့နေများထံမှ အကူအညီရရှိခဲ့၏။
သို့သော် တရားရုံး၏စစ်ဆေးမှုမှာ လပေါင်းများစွာ ကြာလွန်သည့်အပြင် တရားသူကြီးသည် ရာဇ၀တ်မှုပြစ်ဒဏ်ပြဋ္ဌာန်းချက်ဖြစ်သော တစ်သက်တစ်ကျွန်းအစား တရားခံကို ၆ နှစ်သာ ထောင်ဒဏ်ချမှတ်လိုက်သဖြင့် မတရားပြုကျင့်ခံရသည့်မိန်းကလေး၏မိသားစုဝင်များအဖို့ တုန်လှုပ်စိတ်ပျက်သွားလေသည်။
ယင်းမိသားစုအား အမှုတစ်လျှောက် ကူညီပေးခဲ့သည့် လူမှုလှုပ်ရှားသူ ၀င်းဝင်းခိုင်က သူမနှင့် ရှေ့နေတို့သည် ယင်းစီရင်ချက်၏ပြစ်ဒဏ်မှာ ပေါ့ပျက်နည်းပါးလှသည်၊ မြန်မာနိုင်ငံတွင် မုဒိန်းဒုစရိုက်မှုများ မရပ်မနားဖြစ်လာသည့်တိုင် တရားစီရင်ခြင်း၌ လျော့တိလျော့ရဲနိုင်လှသည်ဟု ယုံကြည်ကြ၏။
“ဒီလိုပြစ်မှုမျိုးအတွက် အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့ လိုအပ်နေပါတယ်။ ပြစ်ဒဏ်နည်းပါးလွန်းတဲ့အခါ မုဒိန်းမှုတွေကို ဟန့်တားဖို့၊ မြန်မာအမျိုးသမီးနဲ့မိန်းကလေးတွေကို အကာအကွယ်ပေးဖို့ အတားအဆီးဖြစ်လာပါတယ်” ဟု Myanmar Now သို့ သူမက ပြောကြားသည်။
နှုတ်ဆိတ်နေခြင်းယဉ်ကျေးမှု
——————————-
နိုင်ငံတော်ရဲဋ္ဌာနမှတ်တမ်းများအရ မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် မုဒိန်းမှု ၇၀၀ ခန့် သတင်းများတွင် တွေ့ရ၏။ ဤသည်မှာ ပြဿနာ၏အတိမ်အနက်ကို ဖော်ပြလျက်ရှိသည်။
မြောက်များစွာသောအမှုများမှာ သတင်းအဖြစ် ထွက်မလာခဲ့၊ နှုတ်ဆိတ်နေခြင်းယဉ်ကျေးမှုနှင့် ဒုက္ခရောက်သူမှာ အပြစ်ဖို့ရခြင်းတို့ကြောင့် ထိုသို့ဖြစ်ရကြောင်း လူမှုလှုပ်ရှားသူတို့က ဆိုသည်။
Myanmar Now မှ မတရားပြုကျင့်ခံရသူတို့ထံ ချဉ်းကပ်ကြည့်ရာတွင် အမည်နာမကို မဖော်ဘဲ လျှို့ဝှက်ပေးမည်ဟု ကမ်းလှမ်းသည့်တိုင် အမျိုးသမီးအများစုက ၎င်းတို့၏မိသားစု အရှက်တကွဲဖြစ်မည်ကို စိုးရိမ်၍ ဖော်ထုတ်ပြောဆိုရန် ငြင်းဆန်ခဲ့ကြသည်။
“အဓမ္မကျင့်ခံရတဲ့ အချို့အမျိုးသမီးတွေဟာ ရဲစခန်းကိုတိုင်ကြားဖို့၊ တရားစွဲဆိုဖို့ နှောင့်နှေးတုန့်ဆိုင်းနေတတ်ကြတယ်။ ဒါဟာ ကျွန်မတို့အတွက် စိန်ခေါ်မှုတွေကို ဖြစ်ပေါ်လာစေပါတယ်” ဟု Legal Clinic Myanmar ၏ ဒါရိုက်တာ ဒေါ်လှလှရီက ပြောပြသည်။ အဆိုပါ NGO အဖွဲ့အစည်းသည် အားနည်းနစ်နာသူများကို နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ ဥပဒေရေးရာအတွက် အခမဲ့ကူညီခြင်းတို့ကို အကျိုးဆောင်ပေးလျက်ရှိသည်။ အထူးသဖြင့် ထိုကဲ့သို့ မတရားကျူးလွန်ခြင်းကို ခံစားရသော အမျိုးသမီးများနှင့် ကလေးငယ်များအတွက်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ကာလရှည်အပယ်ခံလူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးနှင့်ကလေးငယ်များအပေါ် မတရားစော်ကားမှုဆိုင်ရာ တရားဥပဒေ၏အခွင့်အရေးများနှင့်ပတ်သက်၍ လူထုအသိပညာပေးခြင်း မရှိသလောက်ဖြစ်နေကြောင်း၊ မိမိတို့ကဲ့သို့အဖွဲ့အစည်းများမှာလည်း ဖွဲ့စည်းပေါ်ထွက်လာသည်မှာ မကြာလှသေးကြောင်း သူမက ဤသို့ ပြောပြသည်။
“နေအိမ်တွင်းစော်ကားမှုများဟာ နာတာရှည်ပြဿနာကြီးတစ်ရပ်လို ဖြစ်နေပါတယ်။ လူ့မြင်ကွင်းမှာ ဖြစ်ပျက်မှု မဟုတ်သလို၊ အရင်တုန်းက ဒီလိုကိစ္စနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးတဲ့အဖွဲ့တွေလည်း မရှိခဲ့ကြပါဘူး”။
ရန်ကုန်မြို့၊ မြန်မာပြည်အလယ်ပိုင်းနှင့် တိုင်းရင်းသားဒေသများရှိ မြို့ငါးမြို့တွင် ရုံးဖွင့်လှစ်ထားသည့် Legal Clinic Myanmar သည် ယမန်နှစ်အတွင်း မုဒိန်းမှု ၁၆ မှုအပါအ၀င် တရားရုံးတင်အမှုပေါင်း ၆၀ ကို အားနည်းထိခိုက်သူများဖက်မှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ မုဒိန်းမှုများအနက် အများစုမှာ အရွယ်မရောက်သေးသည့် ကလေးငယ်များအား ကျူးလွန်မှုများဖြစ်ကြောင်းကို “အရင်နှစ်အတွင်း ကလေးသူငယ်မုဒိန်းမှုတွေကို ထိတ်လန့်စရာအရေအတွက်အထိ ကျွန်မတို့ တွေ့ခဲ့ကြရတယ်” ဟူ၍ ဆိုပါသည်။
ချည့်နဲ့ပျော့ညံ့သောပြစ်ဒဏ်များ
———————————
မတရားကျူးလွန်ခံရသူအတွက် တရားရုံး၌ ပထမဆုံးအစီရင်ခံတင်ပြရသည့် ရဲဝန်ထမ်းများမှာ စိတ်ထက်သန်မှု မရှိခြင်း၊ သင်ကြားလေ့ကျင့်မှု ညံ့ဖျင်းခြင်း၊ ရံဖန်ရံခါ အကျင့်ပျက်ခြစားခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပေသည်။ သို့သော် ယင်းသို့ဖြစ်ခြင်းက လိင်ပိုင်းဆိုင်ရာစော်ကားခံရသည့် အမျိုးသမီးများအတွက်မူ တစ်ပူပေါ်နှစ်ပူဆင့် ဒုက္ခများကြရကြောင်း လူမှုလှုပ်ရှားသူများက ဆိုသည်။
ရန်ကုန်မြို့ ပုစွန်တောင်မြို့နယ် စခန်းမှူး ဦးခင်မောင်လတ်က မိမိတို့ဋ္ဌာနသည် မုဒိန်းမှုများနှင့်စပ်လျဉ်း၍ အထူးကရုတစိုက် ကိုင်တွယ်နိုင်အောင် ကြိုးစားနေပါကြောင်း၊ သို့သော်လည်း မတရားခံရသူ၏တိုင်ကြားချက်ကို မှတ်တမ်းယူရန် ရဲမေတစ်ဦးဦးမှသာ ဆောင်ရွက်ရသည့် လုပ်ထုံးလုပ်နည်းရှိကြောင်း ပြောပြသည်။
“အမျိုးသမီးဒုရဲအုပ်တွေကို ခေါ်ယူနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားတာပါပဲ။ ဒါပေမယ့် တရားလိုရောက်ရှိလာတဲ့အချိန် သူတို့ အနီးအနားမှာ ရှိမနေတဲ့အခါ ရဲဝန်ထမ်းများရဲ့ဇနီးတွေကို အကူအညီတောင်းကြရတယ်။ အဲ့ဒီလိုလုပ်မှ တရားလိုဖက်က လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုကြမှာဖြစ်တယ်။ မြန်မာ့ဓလေ့ထုံးစံအရ အမျိုးသမီးတွေဟာ အဲ့လိုကိစ္စမျိုးကို အမျိုးသားတွေဆီ မပြောဆိုရဲကြဘူး”။
လူမှုလှုပ်ရှားသူများနှင့် ဥပဒေပညာရှင်များ၏အဆိုအရ မုဒိန်းမှုနှင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုများအတွက် ထိရောက်ကြီးလေးသောပြစ်ဒဏ်များကို မြန်မာနိုင်ငံဥပဒေ၌ ပြဋ္ဌာန်းထားပါသော်လည်း တရားရုံးတွင် အမှုတင်သည့်အခါ အချိန်ဆွဲခြင်းနှင့် တရားစီရင်ရေးဆိုင်ရာခြစားခြင်းများကြောင့် ကျူးလွန်သူများအပေါ် ထိုက်တန်သောပြစ်ဒဏ် မချမှတ်နိုင်ကြပေ။
“မတရားခံရသူများဟာ အချိန်ဆွဲလွန်းတဲ့အခြေအနေကို သိနေတာကြောင့် များသောအားဖြင့် ရဲစခန်းမှာ တိုင်ချက်မဖွင့်လိုကြဘူး” ဟု ဒေါ်လှလှရီက ဆိုသည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အရ မုဒိန်းမှု၏ပြစ်ဒဏ်သည် ငွေဒဏ်အပါအ၀င် အနည်းဆုံး ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ထောင်ဒဏ်ကျခံစေရမည်ဖြစ်သည်။ သို့တိုင် စီရင်ချက်ချကြသောအခါ အမြဲတစေ ထောင်ဒဏ် ၁၀ နှစ်အောက်သာဖြစ်နေကြောင်း လူမှုလှုပ်ရှားသူများနှင့် ရှေ့နေများထံမှ သိရသည်။
မိမိ၏ရှေ့နေသက်တမ်း ၈ နှစ်တာအတွင်း တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကျခံရသော မုဒိန်းကောင်ကို မတွေ့စဖူးပါဟု ဒေါ်လှလှရီက ဆို၏။ “တစ်ခါတုန်းက မိမိသမီးရင်းကို မုဒိန်းကျင့်တဲ့ ဖခင်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်။ ဒါပေမယ့် အခြားသော မုဒိန်းမှုကျူးလွန်သူတစ်ချို့ကိုတော့ ထောင်ဒဏ် ၆ နှစ်ကနေ ၈ နှစ်အထိသာ ချမှတ်ခဲ့ကြတယ်”။
လူမှုလှုပ်ရှားသူ မ၀င်းဝင်းခိုင်ကလည်း “တရားသူကြီးများအနေနဲ့ ထိရောက်တဲ့ စီရင်ချက် ချမှတ်ပေးဖို့ လိုအပ်နေပါတယ်။ တရားဥပဒေနဲ့လွဲချော်နေတာမျိုးကို ကျွန်မတို့ မမြင်ချင်ပါဘူး” ဟု ဆိုပါသည်။
၂၀၁၃ ခုနှစ်တွင် ကမာရွတ်မြို့နယ်တရားရုံးကလည်း ၇ နှစ်အရွယ်မိန်းကလေးအား အဓမ္မပြုကျင့်ခဲ့သူ အသက် ၇၀ အရွယ်အမျိုးသားကို ထောင်ဒဏ် ၄ နှစ်သာကျခံရန် စီရင်ချက်ချခဲ့သည်။ ကလေးငယ်၏မိခင်သည် ခရိုင်တရားရုံးတက်၍ ထပ်မံအယူခံဝင်သည့်အခါကျမှ နောက်ဆုံး၌ ၆ နှစ်အထိ တိုးမြှင့်လိုက်ကြောင်း Myanmar Now သို့ ပြောပြခဲ့၏။
“ဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးသွားခဲ့ရတာ အခေါက်ခေါက်အခါခါပါပဲ။ ကျွန်မမှာ ရှိသမျှငွေကို ပုံပြီး သုံးခဲ့ရတယ်။ ကျွန်မသမီးရဲ့ဘ၀ကို ဖျက်ဆီးခဲ့သူက ထောင်ဒဏ် ၆ နှစ်ထဲ ချမှတ်ခံရတာ လုံးဝ မတရားဘူးလို့ ထင်တယ်။ ဒါပေမယ့် သူ့ကို ဒီထက်ပိုပြီး ဆက်အရေးယူဖို့ မဖြစ်နိုင်တော့လို့ ကျွန်မသမီးရဲ့ စိတ်ဒဏ်ရာကုစားဖို့သာ ရှိပါတော့တယ်။ ဒီကိစ္စဖြစ်ပြီးကတည်းက ကျွန်မသမီးဟာ သူ့ရဲ့ယောက်ျားလေးသူငယ်ချင်းတွေနဲ့ လုံးဝ စကားကို မပြောတော့ဘူး။ အရောလည်း မ၀င်တော့ဘူး။ ခုဆိုရင် မိန်းကလေးတွေနဲ့ပဲ အပေါင်းအသင်းလုပ်တော့တယ်။ သမီးနဲ့ပတ်သက်ပြီး ကျွန်မ အလွန်အမင်း ထိခိုက်ခံစားရပါတယ်။ ဒီအသိုင်းအ၀ိုင်းကနေ ဝေးရာကို ရှောင်ထွက်သွားချင်နေတော့တာပါပဲ။ ဒါပေမယ့် ပြောင်းရွှေ့ဖို့ ကျွန်မတို့ မတတ်စွမ်းနိုင်လို့ ဒီလိုပဲ ပေကပ်နေနေရပါတယ်” ဟူ၍ မိခင်ဖြစ်သူက ရင်ဖွင့်ရှာပါသည်။
အမြစ်လှန်ပြိုလဲနေသည့် တရားမျှတမှု
——————————————
ယမန်နှစ်နှောင်းပိုင်းကထုတ်ပြန်သော လွှတ်တော်အစီရင်ခံစာတွင် ဦးသိန်းစိန်အစိုးရ၏ ငါးနှစ်တာသက်တမ်း၌ တရားစီရင်ရေးကိစ္စများမှာ ပုံဟန်မပျက် ခြစားနေဆဲဖြစ်ပြီး မဆိုစလောက်မျှသာ ပြုပြင်ပြောင်းလဲမှု ပြုလုပ်နိုင်ခဲ့ကြောင်း ဖော်ပြထား၏။
ဆယ်စုနှစ်များစွာ စစ်အစိုးရအုပ်ချုပ်ရေးကာလအတွင်း လွတ်လပ်စွာ တရားစီရင်ခွင့်ပျောက်ဆုံးခဲ့ရကာ စစ်တပ်နှင့်ချိတ်ဆက်နေသည့် လောက်ထိုးပိုးတက်လူတန်းစားတို့၏ သြဇာအောက်တွင် ပြားပြားဝပ်သွားရသည်။
ဗဟိုတရားရုံးရှေ့နေ ဦးမောင်မောင်စိုး ကဲ့သို့ ရှေ့နေအချို့က မြန်မာနိုင်ငံ၌ လာဘ်စားမှုများ တားမနိုင်ဆီးမရ ကျယ်ပြန့်လာလျှင် မုဒိန်းမှုလို ရာဇ၀တ်မှုများမှာ ပြစ်ဒဏ်ချမှတ်ခြင်း မခံရတော့သည်အထိ ကင်းလွတ်သွားနိုင်ကြောင်း ယုံကြည်ကြသည်။
အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် အသက် ၃၂ နှစ်အရွယ် ရည်းစားဟောင်းဖြစ်သူက ပြန်ပေးဆွဲခေါ်ဆောင်သွားပြီး အကြိမ်ကြိမ် အဓမ္မပြုကျင့်ခြင်း ခံခဲ့ရသည်။ မြောက်ဥက္ကလာပမြို့နယ်တရားရုံးသို့ တရားလိုပြု တိုင်ကြားခဲ့သော်လည်း တရားခံအပေါ် မဆိုစလောက်ပြစ်ဒဏ်ချမှတ်လိုက်မည်ကို သူမ စိုးရိမ်နေပေသည်။
“တရားမျှတတဲ့ စီရင်ချက်ဖြစ်လာမယ်လို့ ကျွန်မ အပြည့်အ၀ မယုံပါဘူး။ တစ်ဖက်က ငွေပေးရင် အမှုအနေအထား ပြောင်းလဲသွားနိုင်ပါတယ်” ဟူ၍ သူမက Myanmar Now သို့ ပြောကြားသည်။
မြန်မာနိုင်ငံတိုင်းရင်းသားဒေသများရှိ ပဋိပက္ခနယ်မြေများတွင် အစိုးရတပ်ဖွဲ့ဝင်တို့၏ အဓမ္မပြုကျင့်ခံရသူများသည်ပင်လျှင် တရားရုံးများ၌ မှန်ကန်မျှတစွာတရားစီရင်ပေးမည်ဟု မျှော်လင့်၍ မရပေ။ အဆိုပါရာဇ၀တ်မှုများအတွက် စစ်တပ်သည် မိမိ၏လူများကို ဥပဒေအောက်မှ နှစ်ရှည်လများ အကာအကွယ်ပေးထားကြောင်း သိရသည်။
ယမန်နှစ်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ရွာတစ်ရွာတွင် အသက် ၂၀ ခန့် စေတနာ့ဝန်ထမ်း နှစ်ခြင်းခရစ်ယာန်ဘာသာဝင် ကချင်မိန်းကလေး ကျောင်းဆရာမနှစ်ဦးမှာ မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရသည်။
ယင်းစက်ဆုပ်ဖွယ်ရာဇ၀တ်မှု၏ လက်သည်တရားခံများသည် ရှေ့တန်းရောက်တပ်မတော်သားများ ဖြစ်ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့အစည်းနှင့် ဒေသခံရွာလူထုက သိထားကြသည်။ ရဲတပ်ဖွဲ့မှလည်း မဆိုစလောက်မျှသာ စုံစမ်းမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါမိန်းကလေးတစ်ဦး၏အစ်မဖြစ်သူ Yan Lu Ra က “အမှန်တရား ထွက်ပေါ်လာပါစေလို့ ကျွန်မတို့ ဆုတောင်းနေပါတယ်” ဟု ဆိုပါသည်။
အမျိုးသမီးများပေါ် သဘောထားပြောင်းလဲရေး
—————————————————
ရန်ကုန်တိုင်းရဲဋ္ဌာနများ၏အဆိုအရ လက်လုပ်လက်စားများပြားသော ဒလ၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ် စသည့်ဒေသများတွင် ဆင်းရဲမွဲတေခြင်း၊ လူနေမှုဘ၀ကြမ်းတမ်းခြင်းနှင့် ဥပဒေစိုးမိုးမှုအားနည်းခြင်းတို့ကြောင့် မုဒိန်းမှုခင်းများ အများဆုံး ဖြစ်ပွားကြောင်း သိရသည်။
ထိုဒေသအချို့မှ လူ့အဖွဲ့အစည်းဝင်တို့သည် ယင်းသို့ဒုစရိုက်မှုများ လျော့ပါးစေရေးအတွက် အဓမ္မမှုဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ ပညာပေးဆွေးနွေးပွဲများကို လူမှုလှုပ်ရှားသူများနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိကြသည်။
မုဒိန်းမှုကို တားဆီးကာကွယ်ရန်မှာ ဥပဒေနှင့်တရားစီရင်ရေး တိုးမြှင့်ဖော်ဆောင်ခြင်းသာမက မြန်မာလူ့အဖွဲ့အစည်းအတွင်းရှိ အမျိုးသမီးနှင့်မိန်းကလေးများအပေါ် လေးစားတန်ဖိုးထားတတ်ရန်လည်း လိုအပ်ကြောင်း အမျိုးသမီးများစွမ်းဆောင်ရည်တိုးမြှင့်ရေး၊ အမျိုးသမီးနှင့်မိန်းကလေးများအပေါ် အကြမ်းမဖက်ရေးတို့ကို ဆောင်ရွက်နေသော အခရာအဖွဲ့အစည်း၏ဒါရိုက်တာ ဒေါ်ထားထားက ဆိုသည်။
“မိဘများအနေနဲ့ မိမိရဲ့သားယောက်ျားလေးတွေကို ငယ်ရွယ်စဉ်ကတည်းက မိန်းကလေးတွေအပေါ် အနိုင်မကျင့်ဖို့ သွန်သင်ပေးဖို့ လိုအပ်ပါတယ်။ သို့မှသာ အမျိုးသမီးတွေအပေါ် အကြမ်းမဖက်သူများအဖြစ် ကြီးပြင်းလာမှာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ကြီးသည်ဖြစ်စေ ငယ်ရွယ်သည်ဖြစ်စေ လှပသည်ဖြစ်စေ မလှပသည်ဖြစ်စေ အမျိုးသမီးတွေအပေါ်ထားရှိတဲ့ အမြင်သဘောထားတွေ ပြောင်းလဲရပါမယ်။ မိဘတွေကလည်း မတရားတဲ့ မမျှတတဲ့လုပ်ရပ်တွေ လက်မခံဖို့ မိမိတို့သမီးမိန်းကလေးတွေကို သင်ကြားထားရပါမယ်”။
ဥပဒေသစ်များ
—————–
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ကာကွယ်ပေးမည့် ဥပဒေကြမ်းတစ်ရပ်ကို NGO အဖွဲ့အစည်းများက လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဋ္ဌာနနှင့်လက်တွဲကာ လွှတ်တော်သို့ တင်သွင်းခဲ့ကြသည်။ ၂ နှစ်တာ ကြာညောင်းသွားသော်လည်း ဟုတ်တိပတ်တိ တိုးတက်မှုကို မတွေ့ရချေ။
ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို အကာအကွယ်ပေးရေး ဟုဆိုကာ မဘသဘုန်းကြီးများက အငြင်းပွားဖွယ်ရာ မျိုးစောင့်ဥပဒေလေးရပ်ကို လွှတ်တော်သို့ တင်သွင်းခဲ့ကြသည်။ ယင်းဥပဒေများမှာ မွတ်စ်လင်မ်တို့အား ခွဲခြားဆက်ဆံရေးအတွက် ရေးဆွဲထားခြင်းဖြစ်ကြောင်း အများစုက ယုံကြည်ထားသည်။ သို့သော် လွှတ်တော်မှ လက်ခံအတည်ပြုခဲ့လေသည်။
အိမ်နေအမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေများသော်လည်းကောင်း၊ လုပ်ငန်းခွင်ရှိအမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာထိခိုက်နှောင့်ယှက်မှုကို အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေများသော်လည်းကောင်း၊ အမျိုးသားများ၏အကြမ်းဖက်မှုကို ဟန့်တားပေးသည့် ဥပဒေများသော်လည်းကောင်း မြန်မာနိုင်ငံတွင် ယခုအချိန်အထိ မရှိသေးပါ။ လင်ခန်းမယားခန်းဆိုင်ရာမုဒိန်းမှု ကဲ့သို့သော အငြင်းပွားဖွယ်အကြောင်းအရာများကို အဆိုပါမူကြမ်း၌ ရည်ညွှန်းထားခြင်း ရှိမရှိကိုလည်း တပ်အပ်သေချာ မသိရှိရသေးပါ။
ဥပဒေမူကြမ်း၏ အသေးစိပ်အချက်အလက်ကို ၀န်ကြီးဋ္ဌာနမှသာ ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း မူကြမ်းရေးဆွဲခြင်းလုပ်ငန်းစဉ်၌ ပါဝင်ခဲ့သူ Gender Equality Network မှ မေစံပယ်ဖြူက ပြောကြားသည်။
“ဥပဒေသစ်ထဲမှာ မုဒိန်းမှုဆိုတာကို ရှင်းလင်းပြတ်သားစွာ အဓိပ္ပာယ်ဖွင့်ဆိုပေးရပါမယ်။ လိင်အင်္ဂါကို အသုံးပြုခြင်းတင်မကဘဲ အခြားသော(အနိုင်ကျင့်)နည်းလမ်းများနဲ့ပြုမူခြင်း စသဖြင့်ပေါ့။ လူထုကို ပွင့်လင်းမြင်သာစွာ ချပြပေးရပါမယ်၊ ဥပဒေသက်ဝင်မှု ရှိရပါမယ်၊ ရဲဝန်ထမ်းများကလည်း ဒီဥပဒေကို သိနားလည်ပြီး ကိုင်တွယ်နိုင်ဖို့ လိုအပ်ပါတယ်” ဟု ဒေါ်ထားထားက ဆိုသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်က အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုများဖယ်ရှားရေးဆိုင်ရာ ကုလသမဂ္ဂပဋိညာဉ်ကို လက်ခံသဘောတူခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ အမျိုးသမီးများကာကွယ်မှုနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနှင့်ကိုက်ညီအံဝင်သော ဥပဒေများ ဖြစ်ရပါမည်။
ဒေါ်မေစံပယ်ဖြူက NLD ၏ လွှတ်တော်အသစ်သည် ယင်းမူကြမ်းအား များမကြာမီ ပြန်လည်သုံးသပ်လိမ့်မည်ဟု မျှော်လင့်ကြောင်း အောက်ပါစကားနှင့်တစ်ကွ ပြောကြားလိုက်ပါသည်။
” မည်သူမည်ဝါပင်ဖြစ်စေ ကျူးလွန်သူကို ထိထိရောက်ရောက် အရေးမယူနိုင်သေးသရွေ့ အမျိုးသမီးနှင့် မိန်းကလေးတွေရဲ့ဘ၀က လုံခြုံမှာ မဟုတ်သေးပါဘူး”။
(ဤဆောင်းပါးတွင် အဓမ္မသားကောင်တို့၏အမည်များကို ၎င်းတို့၏လုံခြုံရေးအတွက် ပြောင်းလဲဖော်ပြထားပါသည်)။
Ref : Missima
(အိချယ်ရီအောင် (Myanmar Now)၏ Rape victims struggle to find justice in Myanmar သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)
Comments