ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
M-Media
– အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်မတော် (IRGC) အနေနဲ့ သိပ်မကြာမီကာလအတွင်းမှာ ဒုံးကျည် ပစ်ခတ်လေ့ကျင့်မှု ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ အီရန် ကြည်းတပ်အကြီးအကဲ ဗိုလ်ချုပ် ဟာဆန် ဖီရူဇာဘာဒီက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။
အဲဒီလေ့ကျင့်မှုဟာ ပစ်မှတ်တိကျဖို့၊ အီရန်လုပ်ဒုံးကျည်တွေရဲ့ စွမ်းအားကို စမ်းသပ်တဲ့အနေနဲ့ ပြုလုပ်သွားမှာဖြစ်ပြီး တစ်လအတွင်း လေ့ကျင့်မှု ဖြစ်လာလိမ့်မယ်လို့ ဗိုလ်ချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီစီစဉ်ထားတဲ့ လေ့ကျင့်မှုတွေဟာ အီရန်စစ်တပ်ရဲ့ အဆင်သင့်ဖြစ်နေမှုကို ထိန်းသိမ်းဖို့နဲ့ အီရန်ရဲ့ဒုံးကျည်ထုတ်လုပ်ရေးလုပ်ငန်းကို ပိုမိုမြှင့်တင်နိုင်အောင်လည်း ရည်ရွယ်တယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်းမှာ အီရန်ဟာ ဒုံးကျည်စမ်းသပ်မှု အမြောက်အများ ပြုလုပ်ပြီးနောက်ပိုင်းမှာ ဒီလို ကြေငြာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမေရိကန်ကတော့ ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ အီရန်ရဲ့ ဒုံးကျည်စီမံကိန်းတွေကို ရည်ရွယ်ပြီး ပိတ်ဆို့ အရေးယူမှုအသစ်တွေ ပြုလုပ်ခဲ့ပြီး အီရန်နိုင်ငံသား ၅ ဦး၊ ယူအေအီးနဲ့ တရုတ်အခြေစိုက်ကုမ္ပဏီများကွန်ရက်တစ်ခုကိုလည်း အမည်ပျက်စာရင်း သွင်းခဲ့ပါသေးတယ်။
အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ရဲ့ နျူအရေး သဘောညီချက် အကောင်အထည်ဖော်ဖို့ စတင်ပြီး ၁ ရက်အကြာမှာပဲ ဒီလိုပိတ်ဆို့မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အီရန်သမ္မတ ဟာဆန် ရူဟာနီကတော့ ဒုံးကျည်လက်နက်တွေဟာ အီရန်နိုင်ငံရဲ့ အချုပ်အခြာအာဏာတည်မြဲရေးနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့အတွက်လို့ ပြောဆိုထားပြီး အင်အားကြီး ၆ နိုင်ငံနဲ့ နျူးအရေးဆွေးနွေးမှုအတွင်း အပါအ၀င် ဒီဒုံးကျည်ကိစ္စအတွက် ဘယ်တော့မှ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
Ref: Press TV
Comments