သိန်းမြင့်ညို (ချောက်)
Messenger ဂျာနယ်မှ ကူးယူဖော်ပြပါသည်။
“ကိုဖေခင်…၊ ခင်ဗျားကို ကျွန်တော် ပြောစရာရှိတယ်။ တော်လှန်ရေးသမား ဆိုတာ သုံးမျိုး သုံးစား ရှိတယ်။ ခင်ဗျားသိလား။ “ပထမ တစ်မျိုးက လက်နက် ကိုင်ပြီး တိုက်ရဲတယ်။ သတ်ရဲ ဖြတ်ရဲ အသေခံရဲတယ်။ ဒုတိယ အမျိုးအစားက လက်နက် ကိုင်ပြီး မတိုက်ရဲ မခိုက်ရဲ၊ မသတ်ရဲ၊ မဖြတ်ရဲဘူး၊ အသေလည်း မခံရဲဘူး။ ဒါပေမဲ့ တစ်ရွာဝင် တစ်ရွာထွက် အပင်ပန်းခံ၊ အဆင်းရဲ ခံပြီး စည်းရုံးရေး လုပ်နိုင်တယ်။ စားစရာ ရရင်စား၊ မရရင် မစားဘဲ ဇွဲနပဲနဲ့ အငတ်ခံနိုင်တယ်။ တတိယ အမျိုးအစားက တိုက်လည်း မတိုက်ရဲ၊ အသေလည်း မခံရဲ၊ အပင်ပန်း အဆင်းရဲ အငတ်အပြတ်လည်း မခံနိုင်ဘူး။ ခပ်ကြော့ကြော့လေး ၀တ်စားပြီး၊ ဦးနှောက် သုံးပြီး တိုင်းပြည် အတွက် ဘာလုပ် ပေးရမလဲ၊ လုပ်ပေးနိုင်တယ် ဆိုတဲ့ လူစားမျိုး ဖြစ်တယ်”
ဒီစကားကို ပြောခဲ့တဲ့ သူကတော့ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)ပဲ ဖြစ်ပါတယ်။ ၁၉၄၆ ခုနှစ်၊ ဇန်န၀ါရီလ(၂၀) ရက်နေ့မှာ ကျင်းပတဲ့ ရွှေတိဂုံအလယ်ပစ္စယံ လူထုဟောပြောပွဲမှာ ရှမ်းပြည်နယ် အတွက် အဆို တင်သွင်း ခဲ့တဲ့ ဦးဖေခင်ကို ဗိုလ်ချုပ်အောင်ဆန်းက တွေ့ဆုံပြီး အထက်ပါ စကားကို ပြောခဲ့တာပါ။
ဦးဖေခင် ဆိုတာ ပင်လုံစာချုပ် ချုပ်ဆိုတဲ့ ပွဲမှာ ပါဝင် ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါတယ်။ မြန်မာ့ သမိုင်းကြောင်းကို ပြောရရင်၊ အထူးသဖြင့် ပင်လုံညီလာခံ အကြောင်း ပြောရမယ် ဆိုရင် ဦးဖေခင်တို့၊ ဦးတင်ဧတို့ကို ချန်လှပ်ပစ်ခဲ့လို့ မရပါဘူး။ တစ်နည်း ပြောရရင် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာခဲ့ရတာ ကိုယ်နှိုက်က ဦးဖေခင်တို့၊ ဦးတင်ဧတို့ရဲ့ လုံ့လပယောဂတွေနဲ့ မကင်းခဲ့ပါဘူး။ သမိုင်းကြောင်းကို ပြန်ပြီး ကောက်ရမယ် ဆိုရင်တော့ အရှည်သားကလား။
ဦးဖေခင်ဆိုတာက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရန်ကုန် တက္ကသိုလ်မှာ ကျောင်းအတူ နေခဲ့ဖူးပါတယ်။ ဦးဖေခင်က တက္ကသိုလ်ကို ဗိုလ်ချုပ်အောင်ဆန်းထက် တစ်နှစ် စောပြီး ရောက်ပါတယ်။ တက္ကသိုလ်မှာ အတူဆုံခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။
ဒီနေရာမှာ တစ်ခု သတိထားမိတာ ရှိပါတယ်။ လွတ်လပ်ရေး အကြိုကာလတွေမှာ ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံ့ ခေါင်းဆောင်တွေ ထဲမှာ လူမျိုးရေးခွဲခြားမှု၊ ဘာသာရေး ခွဲခြားမှု လုံးဝ မရှိခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ လူမျိုးပေါင်း(၁၃၅)မျိုး ရှိတယ်လို့ သတ်မှတ် ထားပေမယ့်လည်း တကယ့် မျိုးချစ်ပုဂ္ဂိုလ် စစ်စစ်တွေကတော့ ဒါကို တစ်မြေထဲနေ၊ တစ်ရေထဲသောက်၊ တစ်ခရီးထဲသွားတဲ့ သွေးချင်းသားချင်းတွေ လို့ပဲ မြင်တယ်။ လူမျိုးရေး အစွန်းရောက်တာမျိုး၊ ဘာသာရေး အစွန်းရောက်တာမျိုး လုံးဝ မရှိခဲ့ကြဘူး။
ဦးဖေခင်ကိုပဲ ကြည့်လေ။ ဦးဖေခင်ဟာ မြန်မာမွတ်စလင် တစ်ဦးသာ ဖြစ်တယ်။ သူ့ကို မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဆွဲမှန်ကျေးရွာမှာ မြန်မာသက္ကရာဇ် ၁၂၇၄ ခုနှစ်၊ ၀ါခေါင်လပြည့်နေ့ (ခရစ်နှစ် ၁၉၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်)နေ့မှာ အစ္စလာမ် ဘာသာဝင် အဖ ဦးဗဗခန်နဲ့ အမိ ဒေါ်တုတ်တို့က မွေးဖွား ခဲ့တယ်။ မြန်မာမွတ်စလင် တစ်ယောက် ဖြစ်တယ်။ ဒါပေမဲ့ သူ့သွေးထဲမှာ ဘာသာရေး ခွဲခြားမှု လုံးဝ ကင်းရှင်းခဲ့တယ်။ ဘယ်နယ်ချဲ့ရဲ့ ပယောဂမှ ပူးဝင်မခံခဲ့ဘူး။ ဘယ်ဘာသာရေး ခေါင်းဆောင်တွေရဲ့ အယူအစွဲတွေမှ ပူးဝင် မခံခဲ့ဘူး။
ဦးဖေခင် နားလည် ထားတာက ဗမာလည်း မြန်မာ၊ မွတ်စလင်လည်း မြန်မာလို့ပဲ ခံယူထားတယ်။ တိုင်းပြည် လွတ်လပ်ရေး အတွက်၊ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် ဘာသာရေးတွေ၊ လူမျိုးရေးတွေက အဓိက အခြေခံ မကျဘူး။ ဒီတိုင်းပြည်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ကိုယ်တတ်နိုင်တဲ့ ဘက်က တစ်တပ် တစ်အား ပူးပေါင်းပါဝင် ကူညီမယ် ဆိုတဲ့ စိတ်ပဲ ထားခဲ့တယ်။ ကျဉ်းမြောင်းတဲ့ လူမျိုးရေးစိတ်၊ ကျဉ်းမြောင်းတဲ့ ဘာသာရေး စိတ်ဓာတ်တွေ ကင်းရှင်းခဲ့တယ်။ အဲဒါကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်းက သူ့ကို တိုင်းပြည်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင် ဆောင်ရွက် စေခဲ့တယ်။
ဦးဖေခင်ဟာ ဗိုလ်ချုပ်အောင်ဆန်းတို့၊ သခင်နုတို့၊ သခင် သန်းထွန်းတို့နဲ့ ကျောင်းသား ဘ၀ကတည်းက ခင်မင်သိကျွမ်း ရင်းနှီးခဲ့တယ်။ ဒါပေမဲ့ နိုင်ငံရေးကို စိတ်မ၀င်စားခဲ့ဘူး။ နိုင်ငံရေးသမား လုပ်ဖို့လည်း စိတ်ကူး မရှိခဲ့ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးနဲ့ အတူ ရှမ်းပြည်နယ်ရဲ့ အနာဂတ် အရေးကိုတော့ စိတ်ဝင်စားမိတယ်။ အဲဒါကြောင့်လည်း ရွှေတိဂုံအလယ်ပစ္စယံမှာ ရှမ်းပြည်နယ်နဲ့ ပတ်သက်ပြီး အဆို တင်သွင်းရာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ စည်းရုံးမှုကြောင့် နိုင်ငံရေး လောကထဲ ရောက်လာခဲ့ရတယ်။
ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ဦးဖေခင်ကို ဖ.ဆ.ပ.လ အဖွဲ့ချုပ် အမှုဆောင် အဖွဲ့ဝင် တစ်ဦး အဖြစ် လည်းကောင်း၊ ဖ.ဆ.ပ.လ ဦးစီး အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ ဖ.ဆ.ပ.လ အဖွဲ့ချုပ်မှာ တောင်တန်းနယ် ဒေသ အတွင်းရေးမှူး အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ရင်း ပင်လုံစာချုပ် အကောင်အထည် ဖော်ဖို့ အရေးပါတဲ့ အခန်းကဏ္ဍကို ရောက်ခဲ့ရတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် ကာလတွေတုန်းက တောင်တန်း ဒေသတွေဟာ ဗမာပြည်မကြီးနဲ့ ကူးလူး ဆက်ဆံဖို့ အခွင့်အလမ်း မရှိခဲ့ကြဘူး။ တောင်တန်းဒေသတွေကို အင်္ဂလိပ်နယ်ချဲ့တွေက ထိန်းချုပ်ထားပြီး စော်ဘွားစော်ခံတွေနဲ့ အုပ်ချုပ်ထားတယ်။ စော်ဘွားကြီးတွေကိုလည်း လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ ပေးထားခဲ့တာမို့ တော်ရုံ လူငယ်တွေဟာ နိုင်ငံရေး အသိအမြင် တိုးတက်ဖို့ ခက်ခဲလွန်းတယ်။ တက်ကြွတဲ့ နိုင်ငံရေး အမြင်ရှိတဲ့ လူငယ်တွေကို ဖိနှိပ်ထားတယ်။ အထူးသဖြင့် ဘိန်းတွေ၊ သုံးဆယ့်ခြောက်ကောင် လောင်းကစားတွေနဲ့ ရှမ်းပြည်နယ် လူထုကို နိုင်ငံရေးနဲ့ ကင်းဝေးအောင် သွေးဆောင် ထားခဲ့ကြတယ်။ နိုင်ငံရေး အသိရှိတဲ့ လူငယ်တွေ ပေါ်လာရင်လည်း (Frontier crossing Act) လို့ခေါ်တဲ့ “နယ်ခြား ဒေသကျော်ဖြတ်မှု ချုပ်ကိုင်ရေးဥပဒေ” နဲ့ ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ သိရတယ်။ မလိုလားအပ်သူ ဆိုပြီး နယ်နှင်ဒဏ် ပေးလို့ရတယ်။ အဲဒါကြောင့် ရှမ်းလူငယ်တွေ ပြည်မနဲ့ ဆက်ဆံဖို့ဆိုတာ အလွန် အန္တရာယ်များလှတဲ့ စွန့်စားမှု တစ်ရပ် ဖြစ်ခဲ့တယ်။
ဒါပေမဲ့ တိုးတက်သော ရှမ်းလူငယ်တွေ ဖြစ်ကြတဲ့ ဦးထွန်းမြင့်(လင်းခေး)၊ ဦးတင်ဧ(ရှမ်းပြည်)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦးစံဖေ၊ ဦးခွန်ထီး၊ ဦးအုန်းဖေ၊ ဦးသန်းဖေ၊ ဦးဘတင်၊ ဦးသုတ၊ ဦးအေးကျော်တို့ဟာ ရွှေတိဂုံ အလယ်ပစ္စယံ လူထုဟောပြောပွဲကို လျှို့ဝှက်စွာ တက်ရောက်လာကြတယ်။ အဲဒီ ဟောပြောပွဲမှာ ရှမ်းပြည်နယ် အတွက် ဦးဖေခင် တင်သွင်းတဲ့ အဆိုကို တစ်ခဲနက် ထောက်ခံခဲ့ကြတယ်။ ဦးဖေခင် တင်သွင်းတဲ့ အဆိုကတော့ “ဗမာပြည်မကြီးကို လွတ်လပ်ရေး ပေးရင် တောင်တန်းဒေသတွေကိုလည်း ချန်လှပ် မထားရန်၊ တစ်ပါတည်း ပြည်နယ် ပြည်မ လွတ်လပ်ရေး ပေးရန်” တို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ခရီးကြမ်းကြီးဟာ “ဓားသွားပေါ်က ပျားရည်စက်”လိုပဲ။ လွတ်လပ်ရေး ဆိုတာ ချိုမြိန်တဲ့ အရသာ ရှိကောင်း ရှိပေမယ့် ဓားသွားလို အန္တရာယ်များတဲ့ အခက်အခဲ အတားအဆီးတွေကို ဖြတ်သန်း ခဲ့ကြရတယ်။
ကြီးမားတဲ့ အတားအဆီးတွေ ထဲကမှ တစ်တိုင်းပြည်လုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဖက်ဆစ်ဂျပန်တွေကို မောင်းထုတ် နိုင်ခဲ့တယ်။ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုနဲ့ နယ်ချဲ့အင်္ဂလိပ်ကို စိန်ခေါ်ခဲ့တယ်။ နယ်ချဲ့အင်္ဂလိပ်က မြန်မာပြည်သူလူထုကို သွေးခွဲ ခဲ့တယ်။ ပြည်နယ်ပြည်မ ခွဲခြား ပစ်ဖို့ ကြိုးစားခဲ့တယ်။ တောင်တန်းဒေသတွေကို ဆက်လက် ထိန်းချုပ် ထားချင်သေးတယ်။ ဗမာပြည်မကြီးကို မတတ်သာလို့ လက်လွှတ်လိုက်ရတဲ့ တိုင်အောင် ပြည်နယ်တောင်တန်း ဒေသတွေကိုတော့ လက်လွှတ်ချင်ဟန် မတူဘူး။ အဲဒါ ကြောင့်လည်း ရှမ်းစော်ဘွားတွေကို စည်းရုံးခဲ့တယ်။
ဗိုလ်ချုပ်တို့ လန်ဒန်မှာ လွတ်လပ်ရေး အတွက် ဆွေးနွေးခဲ့ကြတဲ့ အချိန်မှာပေါ့။ ဗမာပြည်မကို လွတ်လပ်ရေး ပေးမယ်၊ တောင်တန်း ဒေသတွေကတော့ သူတို့ရဲ့ သဘောဆန္ဒ အလျှောက်ပဲ ဖြစ်ရစေမယ်လို့ ညှိနှိုင်း နေကြတယ်။ ဗိုလ်ချုပ်တို့ကလည်း ပြည်နယ်တောင်တန်း ဒေသတွေ မပါဘဲ လွတ်လပ်ရေး ရခဲ့မယ် ဆိုရင်တောင် အဲဒီလွတ်လပ်ရေးဟာ“အတောင်မပါတဲ့ငှက်”လိုဖြစ်မယ် ဆိုတာ သဘောပေါက်ထားတယ်။ အဲဒါကြောင့် ပြည်နယ်တောင်တန်း ဒေသတွေနဲ့ တစ်ပါတည်း လွတ်လပ်ရေးပေးဖို့ တောင်းဆိုခဲ့တယ်။
ဒါပေမဲ့ အဲဒီ အချိန်မှာပဲ မထင်မှတ်တဲ့ အနှောင့်အယှက် တစ်ခု ၀င်လာတယ်။ အင်္ဂလိပ်နယ်ချဲ့တွေရဲ့ သွေးထိုးမှုကို နားယောင်ခဲ့တဲ့ စော်ဘွားတွေက အင်္ဂလိပ် အစိုးရထံ ကြေးနန်းစာ ပို့လိုက်တယ်။ “အောင်ဆန်းက ငါတို့ ကိုယ်စားလှယ် မဟုတ်၊ ရှမ်းပြည်နယ် အတွက် ဘာမှ ပြောပိုင်ခွင့် မရှိ၊ ရှမ်းပြည်ကိစ္စ ဆွေးနွေးလိုလျှင် ငါတို့ကို ဖိတ်ပါ”ဆိုတဲ့ ကြေးနန်းစာပါပဲ။
အင်္ဂလိပ်နန်းရင်းဝန် အက်တလီဟာ အဲဒီ ကြေးနန်းစာကို ဗိုလ်ချုပ်အောင်ဆန်းကို ပြလိုက်တယ်။ ဗိုလ်ချုပ် နားလည် လိုက်တယ်။ ရှမ်းပြည်နယ်ကို အင်္ဂလိပ်တွေ သွေးခွဲလိုက်ပြီ ဆိုတာကိုပေါ့။ ရှမ်းပြည်နယ်မှာ ရှိတဲ့ စော်ဘွားတွေလည်း နယ်ချဲ့အင်္ဂလိပ်ရဲ့ ပယောဂ ပူးဝင် ခံလိုက်ရတယ်။ “မစားရ ၀ခမန်း” မက်လုံးတွေနဲ့ ပြည်နယ်ပြည်မ သွေးစည်းမှုကို သွေးခွဲလိုက်တယ်။ သမိုင်းစဉ်ဆက် သွေးစည်းခဲ့တဲ့ မြန်မာနိုင်ငံကို အင်္ဂလိပ်နယ်ချဲ့တွေ နှစ်ပေါင်းတစ်ရာ နီးပါး သွေးခွဲခဲ့သလို ယခုလည်း သွေးခွဲ လိုက်ကြပြန်တယ်။
တိုးတက်တဲ့ ရှမ်းလူငယ်တွေဟာ နိုင်ငံရေး မျက်ခြည် ပြတ်မခံခဲ့ဘူး။ တောင်တန်း ဒေသတွေနဲ့ ဗမာတွေဟာ သွေးစည်းညီညွတ်မှု ရှိတယ် ဆိုတဲ့ အကြောင်း ချက်ချင်း တုံ့ပြန် လိုက်ကြတယ်။ ရှမ်းလူငယ် ကိုတင်ဧ(နောင်-အငြိမ်းစား နိုင်ငံတော်ကောင်စီဝင်)က ဦးဆောင်ပြီး တောင်ကြီးနဲ့ အနီးအနား ပတ်ဝန်းကျင် မြို့တွေမှာ လူထု ဆန္ဒပြပွဲတွေ ကျင်းပ လိုက်ကြတယ်။
“ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ် အပါ အ၀င် တောင်တန်းဒေသ အားလုံးကို ကိုယ်စားပြုသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ငါတို့ ထောက်ခံသည်။ ဗမာပြည်မကို လွတ်လပ်ရေး ပေးလျှင် ရှမ်းပြည် အပါအ၀င် တောင်တန်း ဒေသကိုပါ တစ်ပြိုင်နက်တည်း လွတ်လပ်ရေးပေးပါ”ဆိုပြီး လန်ဒန် အစိုးရထံ ကြေးနန်း ပြန်ရိုက် လိုက်ကြတယ်။ ဒီတော့မှ အင်္ဂလိပ် အစိုးရလည်း ရှမ်းပြည်သူလူထုရဲ့ သဘောထား အမှန်ကို သိရှိ နားလည်သွား တယ်။ “ဒီလို ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင်တန်း ဒေသကိုယ်စားလှယ်တွေ တွေ့ဆုံညှိနှိုင်း ဆွေးနွေးကြပါ။ ရရှိလာတဲ့ သဘောတူညီချက်ကို ဗြိတိသျှအစိုးရ အနေနဲ့ လက်ခံပေးပါမယ်”ဆိုတဲ့ အဖြေကို ပေးခဲ့တယ်။ ဒါဟာ “အောင်ဆန်းအက်တလီ ” စာချုပ်ရဲ့ ရေသောက်မြစ်ပဲ ဖြစ်ပါတယ်။
နယ်ချဲ့အင်္ဂလိပ်တွေရဲ့ အထင်ကတော့ ရှမ်းဗမာ သွေးစည်းရေး မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတယ်။ နယ်ချဲ့ အင်္ဂလိပ်က နှစ်ပေါင်း တစ်ရာ သွေးခွဲ အုပ်ချုပ်ထားတာမို့ ဘယ်နည်းနဲ့မှ ရှမ်းဗမာ သဘောတူညီမှု ရလိမ့်မယ်လို့ မထင်မှတ်ခဲ့ဘူး။ အဲဒါကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်း တို့ကို နှစ်သိမ့်လွှတ်လိုက်ဟန် တူပါတယ်။ အက်တလီတို့ ထင်မယ် ဆိုရင်လည်း ထင်စရာပါ။ ရှမ်းပြည်နယ်မှာ စော်ဘွားတွေ၊ မြို့စားတွေ၊ ငွေခံမှူးတွေ ကို အခွင့်အရေး ပေးထားတယ်။ ဘိန်းနဲ့ လောင်းကစားဝိုင်းတွေ ဖွင့်ပြီး နိုင်ငံရေး နားမျက်စိတွေ ပိတ်ထားခဲ့ပြီကိုး။ ဒီတော့လည်း ဗိုလ်ချုပ်အောင်ဆန်းတို့ တစ်တွေ ဘယ်လောက်ပဲ စည်းရုံးကြပါစေ အောင်မြင်လိမ့်မယ်လို့ လုံးဝ ထင်မှတ် မထားခဲ့ဘူး။ တကယ်တော့ နယ်ချဲ့ ဆိုတာ ဘယ်နယ်ချဲ့မှ သီလ မစောင့်ထိန်းကြပါဘူး။ မျက်မှောက်ခေတ် နယ်ချဲ့တွေလည်း ဒီပုတ်ထဲက ဒီပဲတွေ ဆိုတာ သမိုင်းသင်ခန်းစာ ယူထားကြဖို့တော့ လိုလိမ့်မယ် ထင်ပါတယ်။
ရှမ်းပြည်သူလူထုရဲ့ သွေးစည်းညီညွတ်မှုကြောင့် “အောင်ဆန်းအက်တလီ”စာချုပ်ကို (၂၇. ၁. ၁၉၄၇) နေ့မှာ အောင်မြင်စွာ ချုပ်ဆို နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တောင်တန်းဒေသတွေနဲ့ ညှိနှိုင်း ဆွေးနွေး ရဦးမှာမို့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာပြည်ကို ချက်ချင်း ပြန်လာခဲ့ပါ တယ်။
ဖေဖော်ဝါရီလ(၂)ရက်နေ့မှာ ဗိုလ်ချုပ်တို့ ရန်ကုန်ကို ပြန်ရောက်လာကြပြီး ဖေဖော်ဝါရီလ(၈)ရက်နေ့မှာ ပင်လုံကို ထပ်ပြီး ခရီးဆက်ခဲ့ရတယ်။ ဗမာပြည် လွတ်လပ်ရေး အတွက် အချိန်တိုင်းဟာ တန်ဖိုးရှိနေတယ်။ အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ အချိန်မဆိုင်းဘဲ (အနားမယူဘဲ) ရှမ်းပြည်နယ်ကို ခရီးထွက်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်ပန်းနွမ်းနယ် နေရမယ့် အစား အနာဂတ် မြန်မာနိုင်ငံရဲ့ ကံကြမ္မာ အတွက် တက်ကြွ ရွှင်လန်းနေတယ်။ ဖေဖော်ဝါရီလ(၈)ရက်နေ့ ညနေမှာတော့ ရှမ်းစော်ဘွားကြီးတွေ၊ ကချင်ခေါင်းဆောင်ကြီးတွေကို ပျော်ရွှင်စွာ နှုတ်ခွန်းဆက်ပြီး လန်ဒန် အတွေ့အကြုံတွေကို ရှင်းလင်း ပြောပြခဲ့တယ်။ တက်ရောက် လာကြတဲ့ တောင်တန်းကိုယ်စားလှယ်တွေကလည်း ဗိုလ်ချုပ်ရဲ့ ရိုးသား ပွင့်လင်းမှုကို ကျေနပ် နှစ်သိမ့်နေကြတယ်။
နောက်တစ်နေ့ ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အနာဂတ် မြန်မာပြည်ရဲ့ အခြေအနေကို ရှင်းရှင်း နဲ့ ဘွင်းဘွင်းပဲ ပြောပြခဲ့တယ်။ ကိုယ့်ပြည်တွင်းက ပြဿနာကို ကိုယ့်အချင်းချင်း နားလည် ခွင့်လွှတ်မှုတွေ နဲ့သာ ဖြေရှင်းရမှာ ဖြစ်တဲ့ အကြောင်း၊ အမေကျော် ဒွေးတော် လွမ်းနေလို့ မဖြစ်ကြောင်း၊ ဘယ်ပြည်ပကမှ သူတို့ အကျိုးစီးပွား အတွက် အကျိုးအမြတ် မရှိဘဲ ကူညီမှာ မဟုတ်တဲ့ အကြောင်း၊ နောက်ဆုံး သူတို့ အကျိုး အတွက် အသုံးချသွားကြမှာ ဖြစ်တဲ့ အကြောင်း။ အဲဒါကြောင့် ကိုယ့်အချင်းချင်း စည်းလုံး ညီညွတ်စွာ လက်တွဲပြီး ပြဿနာ အရပ်ရပ်ကို ဖြေရှင်းဖို့ လိုကြောင်း ပြောကြား သွားတယ်။
ဒါပေမဲ့လည်း “ဘယ်လောက်ပဲ စေတနာမှန်မှန်၊ ဘယ်လောက်ပဲ ရိုးသားမှု ရှိနေပါစေ၊ အဖျက်အမှောင့်တွေကတော့ ပေါ်လာစမြဲပါပဲ။ ပင်လုံညီလာခံကြီးဟာ အစကောင်း သလောက်၊ အနှောင်း မသေချာတော့မယ့် အခြေအနေ အထိ ရောက်လာခဲ့တယ်။
ပင်လုံညီလာခံမှာ ဦးဆောင် ဆွေးနွေးကြတဲ့ ရှမ်းနဲ့ ကချင်ခေါင်းဆောင်တွေက “တောင်တန်းသားများ ညီညွတ်ရေးကောင်စီ ”အမည်နဲ့ တောင်းဆိုချက်တွေ တောင်းဆိုလာကြတယ်။
(၁)မြန်မာတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အလမ်းတူ၊ ရပိုင်ခွင့်တူ ဒီမိုကရေစီကျကျ ခံစားခွင့် ရှိရမည်။
(၂) အမှုဆောင်ကောင်စီတွင် ပါဝင် ဆောင်ရွက် ကြသော ရှမ်းကိုယ်စားလှယ်နှင့် ကချင်ကိုယ်စားလှယ် တို့သည် မိမိတို့လူမျိုး အသီးသီး၏ ပြည်တွင်းရေးရာ အားလုံး အတွက် တာဝန်ယူ ဆောင်ရွက်ကြရမည်။ ထို့အပြင် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ မီးရထား အကောက်တော် အစရှိသော အားလုံးနှင့်ဆိုင်သော ကိစ္စရပ်များ အတွက် အားလုံး စုပေါင်းကာ တာဝန်ယူ ဆောင်ရွက်ကြရမည်။
(၃) ကချင်တို့က သီးခြား ကချင်ပြည်နယ် အလိုရှိကြောင်း တောင်းဆိုချက်ကို ဤကော်မတီက ထောက်ခံသည်။
(၄) မြန်မာကိုယ်စားလှယ်တော်များနှင့် ဘုရင်ဧကရာဇ် အစိုးရ၏ သဘောတူညီချက်များသည် ရှမ်း၊ ကချင်တို့နှင့် မပတ်သက်စေရ။
(၅) လွတ်လပ်ရေး ရပြီးသည့်နောက် မြန်မာပြည်ထောင်စုမှ ကျွန်ုပ်တို့ ခွဲထွက်လိုလျှင် ကျွန်ုပ်တို့ သဘောကျသည့် အချိန်တွင် ခွဲထွက် နိုင်ခွင့် ရှိစေရမည်။
အဲဒီ တောင်းဆိုချက်တွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ တော်တော် စိတ်ပျက် သွားခဲ့တယ်။ စည်းလုံး ညီညွတ်တဲ့ နိုင်ငံတစ်နိုင်ငံ ထူထောင်ဖို့ အတွက် မဖြစ်နိုင်တော့ဘူးလို့ ယူဆခဲ့တယ်။ လွတ်လပ်ရေး အတွက် စည်းလုံးညီညွတ်စွာ တိုက်ပွဲ ၀င်ကြရမယ့် အစား တောင်းဆိုချက်တွေနဲ့ အကျပ် ကိုင်ခဲ့ကြတယ်။
ဗိုလ်ချုပ်အောင်ဆန်း စိတ်ပျက်မယ် ဆိုလည်း စိတ်ပျက်စရာပါ။ “မုန့်ဆီကျော်က ဘယ်ဆီနေမှန်း မသိသေးဘူး။ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား”ဆိုသလို ဖြစ်နေပြီ။ တိုင်းပြည်က လွတ်လပ်ရေးတောင် မရသေးဘူး။ ခွဲထွက်ဖို့က အရင်ဆုံး စိတ်ကူးနေကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း အနေနဲ့ အတော် စိတ်ကုန်သွားခဲ့ဟန် တူပါတယ်။ အဲဒါကြောင့် “ခင်ဗျားတို့က ပြည်ထောင်စု ဖွဲ့ဖို့ မူအရတောင်မှ သဘောမတူရသေးခင် ခွဲထွက်ရေး စကားပြောတာတော့ မကောင်းပါဘူးဗျာ”လို့ ပြောခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ ကချင်ခေါင်းဆောင်နဲ့ ရှမ်းစော်ဘွားကြီးတို့ရဲ့ သဘောထား တင်းမာမှုတွေကြောင့် ပင်လုံစာချုပ် ပျက်ပြယ်လုနီးပါး ဖြစ်သွားရတာကို စိတ်မကောင်း ဖြစ်နေဟန်တူပါတယ်။ ရန်ကုန်ပြန်ဖို့ လေယာဉ်ပျံ မှာယူခိုင်းတဲ့ အထိ အဖြစ်အပျက်တွေက မြန်ဆန်လွန်း နေပါတယ်။
ရှမ်းပြည်လူထုလည်း စိုးရိမ်စိတ်တွေ ၀င်နေကြပြီ။ ရှမ်းလူငယ်တွေ ဖြစ်ကြတဲ့ ဦးဖေခင်တို့၊ ဦးတင်ဧတို့ တစ်တွေလည်း ပျာယာခတ်ကုန်ကြပြီ။ ဒီပင်လုံညီလာခံကြီးသာ ပျက်သွားခဲ့မယ် ဆိုရင် ဗမာနိုင်ငံကတော့ လွတ်လပ်ရေး ရသွားမှာ ဖြစ်ပေမယ့် တောင်တန်းဒေသတွေဟာ အင်္ဂလိပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်း ရာထောင် ကြာတဲ့ အထိ အဖိနှိပ် ခံနေရလိမ့်ဦးမယ်လို့ တွေးခဲ့ကြတယ်။ အဲဒါကြောင့် ဒီပင်လုံညီလာခံကြီးကို အပျက် မခံနိုင်ဘူး။ ပြန်လည် အသက်ဝင်လာအောင် ကြိုးစားခဲ့တယ်။ အခြေအနေကို စောင့်ကြည့်နေကြတဲ့ ကျောင်းသားတွေ၊ အဖွဲ့အစည်းပေါင်းစုံက ရှမ်းပြည်သူလူထုတွေ ဟာ “လွတ်လပ်ရေး ချက်ချင်းပေး”၊ “ရှမ်းဗမာ ပူးပေါင်းပါ”၊ “နယ်ချဲ့အလိုမရှိ”ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ မြို့ထဲမှာ လှည့်လည် ဆန္ဒပြခဲ့ကြတယ်။
ပျက်ပြယ်လုနီးပါး ဖြစ်ခဲ့ရတဲ့ ပင်လုံညီလာခံကြီးဟာ တိုးတက်တဲ့ ရှမ်းလူငယ် အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုရဲ့ စွမ်းအားကြောင့် ပြန်လည် လူးလွန့်လာခဲ့တယ်။ ကိုယ်စားလှယ်တွေ အားလုံး ပြန်လည် ညှိနှိုင်းခဲ့ကြတယ်။ တစ်ဖက်နဲ့ တစ်ဖက်၊ တစ်ဦးနဲ့ တစ်ဦး အလျော့အတင်းတွေနဲ့ သည်းခံ နိုင်ခဲ့ကြလို့ ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆို နိုင်ခဲ့ကြတယ်။
တကယ်လို့သာ တောင်တန်းဒေသတွေကလည်း သူတို့ရဲ့ တောင်းဆိုချက်တွေကို လုံးဝ မစွန့်လွှတ်သလို ဗိုလ်ချုပ်အောင်ဆန်းတို့ ပြည်မအဖွဲ့ကလည်း အလျော့ မပေးကြဘူး ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အလှည့်အပြောင်းဟာ တစ်မျိုးတစ်ဖုံ ဖြစ်သွား နိုင်စရာရှိပါတယ်။
ဗမာနိုင်ငံကတော့ တစ်နှစ် အတွင်း လွတ်လပ်ရေး ရရှိမှာ ဖြစ်ပေမယ့် တောင်တန်းဒေသတွေရဲ့ လွတ်လပ်ရေးကတော့ “ရွှေပြည်တော် မျှော်တိုင်းဝေး”ဆိုသလို အင်္ဂလိပ်နယ်ချဲ့တွေ သနားမှ ချမ်းသာရမယ့် အခြေအနေမျိုး အထိ ရောက်သွားနိုင်ပါတယ်။ ဗမာနိုင်ငံ အနေနဲ့ကလည်း ပြည်နယ်တောင်တန်းဒေသတွေ မပါဘဲ လွတ်လပ်ရေးရမယ် ဆိုရင်တောင် ပထ၀ီအနေအထားအရ လုံခြုံရေးဟာ အမြဲတမ်း ခြိမ်းခြောက် ခံရနိုင်ပါတယ်။
ဘာပဲပြောပြော ကျွန်တော်တို့ အားလုံး ကံကောင်း ခဲ့ကြပါတယ်။ အမြော်အမြင် ကြီးမားတဲ့ ခေါင်းဆောင်တွေ၊ အပေးအယူ မျှတတဲ့ ခေါင်းဆောင်တွေ၊ စိတ်လိုက် မာန်ပါ မလုပ်တတ်တဲ့ ခေါင်းဆောင်တွေကြောင့် ကျွန်တော်တို့ အားလုံး နယ်ချဲ့အင်္ဂလိပ် လက်အောက်က လွတ်မြောက် ခဲ့ရပါတယ်။
နောက်ထပ် ကျွန်တော်တို့ အားလုံး ဘယ်နယ်ချဲ့ရဲ့ လက်အောက်မှာမှ အရောက် မခံလိုကြတော့ပါဘူး။ မြန်မာနိုင်ငံဟာ ၀ံပုလွေတွေရဲ့ အလယ်မှာ ရောက်နေတဲ့ သိုးငယ်ပမာ ဒီကနေ့ ပထ၀ီအနေအထား အရ ရောက်ရှိ နေပါတယ်။ အင်အားကြီး နိုင်ငံကြီးတွေရဲ့ အလယ်မှာ “နိုင်ငံရေး ကျားကွက်”အရွှေ့ခံရ နိုင်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေးတွေမှာ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိခဲ့တဲ့ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဘ၀ကနေပြီး နောက်ထပ် အမှောင်တွင်းကို ကျရောက် မသွားဖို့ ဆိုရင်တော့ ပြည်ထောင်စု တိုင်းရင်းသားအားလုံး “ပင်လုံစိတ်ဓာတ်”ခိုင်မြဲဖို့ လိုအပ်လှကြောင်းပါ ခင်ဗျာ။
မူရင်းလင့်ခ်=>http://www.messengernewsjournal.com/news/Article/detail.php?id=50830
Comments