ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၆
M-Media
သတင်း/ဓါတ်ပုံ- သူရိန်
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စတင်ဖွဲ့စည်းပြီး ရပ်ကွက်အတွင်းရှိ လူမျိုးဘာသာစုံကို ကူညီပေးနေသော ရန်ကုန်မြိှု့ မင်္ဂလာတောင်ညွှန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက်က လမ်း၁၂၀လူငယ် သာရေးနာရေး အသင်း ဟာ ယခုဆိုလျှင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
” မိမိရပ်ကွက်မှာ နေထိုင်တဲ့ လူမျိုးဘာသာမရွေး အခက်အခဲများကု ကူညီဖြေရှင်းပေးနေပါတယ်။ လမ်း(၁၂၀) လူငယ်များကနေပြီးတော့ နာရေးကူညီမှု အသင်း တည်ထောင်ချင်တယ် ပြောပါတယ်။ ဒီလုပ်ငန်း အောင်မြင်အောင် ဘာတွေလုပ်ပေးရမလဲ ဘယ်နေရာကနေ ပံ့ပိုးရမလဲဆိုပြီးတော့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ ရေတွင်းကုန်း ရပ်ကွက်က အင်မတန် ချစ်စရာကောင်းတဲ့ ဓလေ့ အစဉ်အလာကို ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်” ဟု ရေတွင်းကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနောင်သိမ်း ကပြောပါတယ်။
လွန်ခဲ့သော တစ်နှစ်ကျော်ကာလအတွင်း ဗုဒ္ဓဘာသာ ၊ ဟိန္ဒူဘာသာ နှင့် အစ္စလာမ်ဘာသာဝင်များရဲ့ နာရေး ၁၀၀ ကျော်ကို လိုက်ပါကူညီဆောင်ရွက်ပေး ခဲ့ရတယ်လိှု့ သိရပါတယ်။ ဒါအပြင် ညောင်တုန်း အင်းမရွာမှ ရေဘေးတွက် အိမ်ထောင်စုခြောက်ရာကျော် အတွက် သိန်းသုံးရာကျော်ဘိုး သွားရောက် ကူညီလှူဒါန်းပေးနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။
အဆိုပါ သာရေးနာရေး အသင်း ဥက္ကဌဖြစ်သူ ဟာဂျီ အလီ(ခ) ဦးသီဟစိုးက နာရေးကိစ္စလိုက်ပါ ကူညီဆောင်ရွက်ပေးခဲ့ရပုံနှင့် ပတ်သက်ပြီး ” မရှိနွမ်းပါးသူတွေကျတော့ ဆုံးသွားတဲ့အခါ သူတို့ရဲ့ အပူကတစ်ကြောင်း ငွေရေးကြေးရေးတွေက တစ်ကြောင်း အပူနှစ်ခုဖြစ်သွားတယ်။ မပြီးပြည့်စုံသူတွေကို ကျတော့ အခမဲ့ ကူညီပေးတဲ့ အပြင် ကားတွေ ဘာတွေငှားတာပါ မိမိအသင်းက ပိုက်ဆံစိုက်ထုတ်ပြီး ရှင်းပေးတယ်။ နာရေးရှင်ရဲ့ အိမ်မှာ လိုအပ်တာတွေသုံးဖို့ ပေးပါတယ်”ဟု ရှင်းပြပါတယ်။
ဒါ့အပြင် ရေတွင်းကုန်း ရပ်ကွက်အတွင်း နာရေးများ အပြင် အခြားမြို့နယ်များဖြစ်သည့် တာမွေ၊ ပန်းဘဲတန်း၊ သာကေတ၊ အလုံ စသည့် မြို့နယ်များတွင်လည်း အကူအညီလိုအပ်ပါက လိုက်လံကူညီပေးခဲ့ရကြောင်း သိရပါတယ်။
လမ်း ၁၂၀လူငယ် သာရေးနာရေး အသင်း တစ်နှစ်ပြည့် အခမ်းအနားကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ရက်နေ့ နေ့လည်မှာ မင်္ဂလာတောင်ညွှန့်မြို့နယ် ရေတွင်းကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။
ရှေ့ဆက်၍လည်း အဆိုပါ အသင်းအနေဖြင့် တရားဝင် အသင်းအဖွဲ့ မှတ်ပုံတင်ဆောင်ရွက်သွားပြီးလူမျိုးဘာသာ မခွဲခြားဘဲ နာရေးကူညီမှုများ၊ ပရဟိတ လှူဒါန်းမှုများနှင့် အောက်ဆီဂျင်ဘူး ငှားရမ်းမှု အတွက်ပါ ဆောင်ရွက်ပေးသွားမည်ဟုလည်း သိရပါတယ်။
Comments