ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆
M-Media
– တောင်ကိုရီးယားနိုင်ငံရဲ့ အရှေ့ဘက်အကျဆုံး ကျွန်းငယ်လေးတွေကို ဂျပန်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြောကြားမှုအား ဆန့်ကျင်တဲ့အနေနဲ့ တောင်ကိုရီးယားပြည်သူတွေဟာ မြို့တော်ဆိုးလ်မှာ ယမန်နေ့က ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ကိုးရီးယားက Dokdo၊ ဂျပန်က Takeshima လို့ခေါ်တဲ့ အဲဒီကျွန်းငယ်တွေ ပိုင်ဆိုင်ကြောင်းကိုဖော်ပြတဲ့ Takeshima နေ့ အခမ်းအနားကို ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့အတွက် တောင်ကိုးရီးယားတက်ကြွလှုပ်ရှားသူတွေက ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီကျွန်းစုဟာ မိမိတို့ပြည်နယ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတယ်လို့ ဂျပန် ရှီမိန်းပြည်နယ် မက်ဆုအီ ဒေသအစိုးရက ကြေငြာထားပြီး ၂၀၀၅ ခုနှစ်မှာ Takeshima နေ့ကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဆိုးလ်မြို့က ဂျပန်သံရုံးအနီးက ဆန္ဒပြပွဲမှာ တောင်ကိုးရီးယာတက်ကြွလှုပ်ရှားသူတွေက ဂျပန်ပြဌာန်းစာအုပ်တွေကို ဆုတ်ဖြဲပြခဲ့ပါတယ်။
“ဂျပန်အစိုးရဟာ တောင်ကိုးရီးယားပိုင်နက်ထဲက Dokdo ကျွန်းအပေါ် အလွန်စိတ်ဝင်တစား ရှိနေပါတယ်၊ ဘယ်လိုပဲပြောပြော ဒီလိုလုပ်တာဟာ သမိုင်းကြောင်းကို နှစ်တိုင်း တစ်စတစ်စ ဖျက်ဆီးနေတာ ဖြစ်ပါတယ်။ သို့သော် ဂျပန်တွေအနေနဲ့ ဒီလို အဓိပ္ပါယ်မဲ့တဲ့ ကြိုးစားအားထုတ်မှုကို ရပ်တန့်သင့်ပြီး တောင်ကိုးရီးယား နိုင်ငံသားတွေသာလျှင် Dokdo ကျွန်းကို ကာကွယ်စောင့်ရှောက်နေတာ ဖြစ်တဲ့အတွက် တောင်ကိုးရီးယားအပိုင်ဖြစ်ကြောင်း အသိအမှတ်ပြုပေးသင့်ပါတယ်” လို့ ဆန္ဒပြခေါင်းဆောင် မွန်းဂျာအစ်က ပြောကြားခဲ့ပါတယ်။
အဲဒီလို ကျွန်းပိုင်ဆိုင်ကြောင်း အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့တာနဲ့ပတ်သက်လို့ တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုးလ်မြို့မှာရှိတဲ့ ဂျပန်သံအမတ်ကြီးနဲ့ အတွင်းဝန်တို့ကို ဆင့်ခေါ်ခဲ့ပါတယ်။
နောက်ပြီး နိုင်ငံတကာဥပဒေအရဖြစ်စေ၊ ပထ၀ီဝင်နယ်နိမိတ်အရဖြစ်စေ၊ သမိုင်းကြောင်းအရဖြစ်စေ တောင်ကိုးရီးယားရဲ့ ပိုင်နယ်နယ်မြေဖြစ်ကြောင်း ငြင်းစရာမရှိတဲ့အတွက် Dokdo ကျွန်းနဲ့ပက်သက်ပြီး စော်ကားရန်စမှုကို ချက်ချင်းရပ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
Ref; Presstv
Comments