ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆
M-Media
– မြန်မာအာဏာပိုင်များက နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများကို ထိထိရောက်ရောက်နှိမ်နင်းရန် ကြိုးစားလာသောကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့ရှိ ထွက်ပေါက်များအား ထိန်းချုပ်မှုမှာ မကြာမီ ပိုမို တင်းကြပ်လာဖွယ် ရှိနေသည်။
မူးယစ်ဆေးနှင့် ရာဇ၀တ်မှုတိုက်ဖျက်ရေး ကုလသမဂ္ဂရုံး UNODC က မိမိတို့အနေဖြင့် ကန်ဒေါ်လာ ၆ သိန်း ကုန်ကျမည့် မူးယစ်ဆေးဝါး စုံစမ်းစစ်ဆေးမှုဆိုင်ရာ လေ့ကျင့်သင်ကြားပေးရေး အစီအစဉ်ကို စတင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော သင်တန်းမျိုးမှာ ပထမဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။
စီးပွားရေး ဖွင့်ပေးမှုနှင့်အတူ မြန်မာနိုင်ငံမှာ ကုန်ပစ္စည်းများ၊ အရာဝတ္ထုများ တရားမ၀င်ကုန်သွယ်မှု မြင့်မားလာခြင်းကို ရင်ဆိုင်နေရသည်။ ယာဘကဲ့သို့ မူးယစ်ဆေးဝါး အမြောက်အများကိုလည်း နေ့စဉ်လိုလို ဖမ်းဆီးရမိနေသည်။
၂၀၁၄ ခုနှစ်တွင် ရန်ကုန်ရဲတပ်ဖွဲ့က ယာဘဆေးပြား ၂ သန်းခန့်ကို ဖမ်းဆီးရမိခဲ့ပြီး ထိုနောက်ပိုင်း တစ်နှစ်အတွင်းမှာပင် ဖမ်းဆီးရမိသောပမာဏမှာ ၃၅ သန်းသို့ တစ်ဟုန်ထိုး မြင့်တက်သွားခဲ့လေသည်။ ယခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှစတင်ကာ အာဏာပိုင်များ ဖမ်းဆီးရမိသော ယာဘဆေးပြားများမှာ ၈ သိန်းကျော်ရှိနေပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီလနှင့် နှိုင်းယှဉ်ပါက ၈ ဆ နီးပါး မြင့်တက်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနမှ အောက်မြန်မာပြည်ဆိုင်ရာ တပ်မှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဝင်းက “မှောင်ခိုသမားအများစုဟာ မူးယစ်ဆေးဝါးတွေကို ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်နဲ့ လာအိုနယ်စပ်တွေကို ပို့လို့ မရတော့ပါဘူး။ ဒါ့ကြောင့် အခုအချိန် သူတို့ရဲ့ မှောင်ခိုလမ်းကြောင်းက မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ကို ဖြတ်ပြီး ရှမ်းပြည်နယ်ကို ဦးတည်ပါတယ်။ အဲဒီနောက်မှာတော့ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်တွေကို တင်ပို့ပါတယ်” ဟု ပြောကြားခဲ့သည်။
“ဒီနှစ်မှာ ကျွန်တော်တို့ဟာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ညစဉ် မြို့နယ်တိုင်းက လမ်းမတွေပေါ်မှာ မေးမြန်းတာတွေ၊ စစ်ဆေးရေးဂိတ်ချပြီး စစ်ဆေးတာတွေကို ပြုလုပ်နေပါတယ်”
ရဲတပ်ဖွဲ့က မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်မှုကို လေ့လာစောင့်ကြည့်သူများက ချီးကျူးခဲ့ကြသော်လည်း မြန်မာနိုင်ငံရှိ မူးယစ်ကုန်သွယ်မှုက ရှုပ်ထွေးပွေလီသည့်ပုံစံမျိုး ရှိနေသည်ဟု ယူဆရသည်။
“မူးယစ်ဆေးဝါးကို အပြတ်ထုတ်ဖို့ စီစဉ်သူတွေက အခြားသော နည်းလမ်းတွေကို အသုံးပြုဖို့မှာ ဖိအားတွေရှိလာပါတယ်။ ဒါ့ကြောင့် လေဆိပ်၊ သင်္ဘောဆိပ်နဲ့ ကိုယ်ပိုင်လေယာဉ်တွေက သူတို့ မျက်စိကျစရာ ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ရဲတပ်ဖွဲ့ကလည်း ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ စိတ်ကြွဆေးပြားထုတ်တဲ့နေရာအများစုဟာ အတည်တကျမရှိဘဲ အမြဲတမ်း ရွေ့လျားနေပါတယ်။ သာမန်ဆေးဝါးထုတ်သလိုမျိုး အတည်တကျ မဟုတ်ပါဘူး” ဟု UNODC ၏ မြန်မာနိုင်ငံ စီမံကိန်းမန်နေဂျာ ထရိုအဲလ်စ် ဗက်စ်တာက ပြောကြားခဲ့သည်။
“တရားမ၀င်ရာဇ၀တ်မှုတွေအကြောင်း ပြောမယ်ဆိုရင် ကျွန်တော်တို့ သိထားတာက ထိပ်ပိုင်းလေးပဲ ရှိနေသေးပြီး အောက်မှာ ထုနဲ့ထည်နဲ့ကို ရှိတယ်ဆိုတာ နားလည်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် မူးယစ်ဆေးဝါးတွေ မိကောင်းမိနိုင်ပေမယ့် တကယ်လက်တွေ့မှာ ဒီထက်ခြားနားတဲ့ အခြေအနေမျိုး ရှိပါတယ်။ ပြီးတော့ ဒါကို ကျွန်တော်တို့ တွေ့လိုက်ရပြီဆိုရင် ပါးစပ်အဟောင်းသား ဖြစ်သွားမှာပါ”
UNODC ကမူ သင်္ဘောဖြင့်တင်ပို့သည့် ကွန်တိန်နာများမှာ မူးယစ်ဆေးဝါးများ ထည့်သွင်း၍ တရားမ၀င်တင်ပို့ရန် အလားအလာရှိသည့် နည်းလမ်းများ ဖြစ်နေပြီး အာဏာပိုင်များအနေဖြင့် ထိုပြဿနာကို တိုက်ဖျက်ရာတွင် မိမိတို့က ကူညီချင်သည်ဟု ပြောကြားခဲ့သည်။
“ရန်ကုန်ဆိပ်ကမ်းမှာ တင်းသွင်းတာ၊ တင်ပို့တာ၊ ခေတ္တ၀င်ရောက်ထားရှိတာ စသဖြင့် မြန်မာနိုင်ငံကို ၀င်ရောက်မယ့်၊ မြန်မာနိုင်ငံက ထွက်သွားမယ့် ကွန်တိန်နာအားလုံးကို စစ်ဆေးမယ့် အထူးအဖွဲ့တစ်ဖွဲ့ကို ကျွန်တော်တို့ ဖွဲ့စည်းသွားမှာပါ။ သူတို့တွေဟာ မူးယစ်ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေ၊ လက်နက်တွေ၊ တရားမ၀င်ငွေကြေးတွေ၊ ငွေစက္ကူအတုတွေ၊ ကျွန်းသစ်တွေ စတာတွေကို သယ်ဆောင်လာတဲ့ အန္တရာယ်ရှိတဲ့ ကွန်တိန်နာတွေကို ဘယ်လို စစ်ဆေးသွားရမလဲဆိုတာ သင်ရမှာဖြစ်ပါတယ်။ ပြီးတော့ ဒီအလုပ်ဟာ ကျွမ်းကျင်မှုလိုပြီး အန္တရာယ်လည်းရှိတာကြောင့် ကွန်တိန်နာတွေကို ဘယ်လို ရှာဖွေရမလဲဆိုတာကိုလည်း တပ်ဖွဲ့ဝင်တွေကို သင်ကြားပေးမှာပါ” ဟု ဗက်စ်တာက ထည့်သွင်းပြော ကြားခဲ့သည်။
မူးယစ်ဆေးစွဲမှုကို တိုက်ဖျက်သူများ
မူးယစ်ဆေးဝါး စွဲသူများ၏ ဘ၀မှာ ပျက်ဆီးလေ့ရှိပြီး ထွန်းနေလင်းတစ်ယောက်ကတော့ ၂ နှစ်တာကာလအတွင်း ယာဘဆေးပြားအတွက် ကန်ဒေါ်လာ ၂၀၀၀၀ ခန့် သုံးစွဲခဲ့လေသည်။ သားသမီးလေးယောက်၏ဖခင်ဖြစ်သော ၎င်းမှာ ထိုဆေးစွဲမှုကို ဖြတ်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။
“ကလေးတွေက အတုယူမှားသွားမလားဆိုတာကို ကျွန်တော် တကယ်ကို စိုးရိမ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီမူးယစ်ဆေးကို ကျွန်တော် ဖြတ်ချင်တာပါ” ဟု ထွန်းနေလင်းက ရှင်းပြခဲ့သည်။
အသက် ၄၁ နှစ်အရွယ် မျိုးဆန်းက ဘိန်းဖြူစွဲမှုကို ရပ်တန့်ချင်ပြီး အဓိကအကြောင်းအရင်းက ၎င်း၏ အသက် ၇၀ အရွယ်မိခင်ဖြစ်သူ စိတ်ချမ်းသာစေရန် ဖြစ်လေသည်။
“ဘိန်းဖြူမသုံးရတဲ့အခါ ဖြစ်လာတဲ့ဝေဒနာကို ကျွန်တော် မခံစားနိုင်ဘူး။ အဲဒီဝေဒနာ စတင်လာတဲ့အခါ ကျွန်တော့်အမေငိုတာတောင် ကျွန်တော် ဂရုမစိုက်နိုင်ဘူး။ ဆေးဘယ်ကရမလဲဆိုတာပဲ ကျွန်တော့်ခေါင်းထဲမှာ ရှိတယ်။ ဒါပေမယ့် သုံးပြီးတော့မှ ကျွန်တော့အမေကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်”
အချို့သော မြန်မာပြည်သူများက မကြာသေးမီက ဖြစ်ပွားခဲ့သည့် မူးယစ်ဆေ၀ါး အမြောက်အများ ဖမ်းဆီးမှုအကြောင်း ပြောဆိုနေကြသည်။ သို့သော်လည်း လက်ရှိအသုံးပြုသူများနှင့် ဆေးဖြတ်ထားသူများက ၎င်းတို့ထံသို့ မူးယစ်ဆေးဝါးများ အလွယ်တကူ ရောက်ရှိနေဆဲဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်ကထက် နှိုင်းယှဉ်ပါက ပိုမိုဈေးပေါနေသည်ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတ်ဝှမ်းတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်ရှိသူ တစ်ထောင်ခန့်ရှိနေပြီး ၎င်းတို့က ထိုပြဿနာအား စိန်ခေါ်မှုတစ်ခုထက်ပို၍ ရင်ဆိုင်ဖြေရှင်းနေရလေသည်။
Ref: Channelnewsasia
Comments